ချင်းတွင်းမြစ်ထဲမှာ စစ်တပ်ပိုင် သင်္ဘောနှစ်စီး ဖမ်းဆီးခံထားရ

2021.12.04
ချင်းတွင်းမြစ်ထဲမှာ စစ်တပ်ပိုင် သင်္ဘောနှစ်စီး ဖမ်းဆီးခံထားရ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ က ဖမ်းဆီးထားတဲ့ ရွှေဂျိုးဖြူဆီသင်္ဘောနဲ့ BOC သင်္ဘောတို့ကို ၂၀၂၁ ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: CDSOM

စစ်ကိုင်တိုင်း ချင်းတွင်းမြစ်ထဲမှာ စစ်တပ်ပိုင် ရွှေဂျိုးဖြူဆီသင်္ဘောနဲ့ BOC သင်္ဘောတို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့က ဒီဇင်ဘာလ ၃ ရက်မနေ့က ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၄ ရက် ဒီနေ့ထုတ်ပြန်ထားတာဖြစ်ပြီး CDSOM အဖွဲ့ဟာ မြောင်မြို့နယ်ရဲ့ အဝင်အထွက် ငါးနေရာမှာ စစ်ဆေးရေး ဂိတ်တွေဖွင့်ပြီး လုံခြုံရေးအရ စစ်ဆေးတာတွေလုပ်မယ်လို့ အဲဒီအဖွဲ့တာဝန် သူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီနဲ့ပတ်သက်ပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေး အသုံးစရိတ်နဲ့ မြို့နယ်အတွက် အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမှာဖြစ်ပြီး စစ်ဆေးတာကို ငြင်းဆန်ရင် ထိ ရောက်စွာအရေးယူသွားမယ်"

စစ်ကိုင်းဘက်ကနေလာရင် မြောင်မြို့အဝင်ဂိတ်ကို နတ်မြင်းဂိတ်၊ အရှေ့ဘက်ပိုင်းကို မင်းယက္ခနဲ့ ဆင်ရိုင်း ဂိတ်၊ တောင်ပိုင်းကျွန်းထဲအရပ်ကို ဗိုလ်ကျားသစ်ဂိတ်၊ အနောက်ခြမ်းကုန်းမြေကို ခြင်္သေ့မင်း ဂိတ်နဲ့ ချင်းတွင်း မြစ်ကြောင်းဂိတ်ကို နှလုံးလှဂိတ်ဆိုပြီး သတ်မှတ်ထားတာပါ။

ဖမ်းဆီးထားတဲ့ သင်္ဘောပေါ်မှာ ဘယ်လိုကုန်စည်တွေ ပါတယ်ဆိုတာ ထုတ်ပြန်မထားပေမယ့် အဲဒီ ဂိတ်တွေကနေ စစ်ကောင်စီကို အားပေးတဲ့ပစ္စည်းတွေ ရောင်းချတာတွေ၊ သယ်ယူပို့ဆောင်တာတွေကို သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မြောင်မြို့နယ်ထဲ ကားတစ်စီးကို စစ်ဆေးရာမှာ သေတ္တာခြောက်လုံးနဲ့ သယ်ဆောင်လာတဲ့ ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။