ရွှေပြည်သာမှာ ဆန္ဒပြ

ရွှေပြည်သာ စက်မှုဇုန် (၁) မှာရှိတဲ့ တရုတ်လူမျိုးပိုင် good family အထည်ချုပ်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမား (၂၀၀) ခန့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။

2012.07.09
good-family-worker-strike-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေပြည်သာ စက်မှုဇုန် (၁) ရှိ good family အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်။
RFA

စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မကြည်ကြည်ခင်က ပြောပါတယ်။

"ဒီထုတ်ပယ်မှုကို သမီးတို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ပါဘူးဆိုတာက သမီးတို့ရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက်ကိုလည်း အလုပ်မခံနိုင်ပါဘူး။ ဒီအစိုးရကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ အလုပ်သမား အဖွဲ့အစည်းကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ ဥပဒေကိုလည်း မလိုက်နာသလိုမျိုး ဖြစ်တဲ့အတွက် သမီးတို့က သူတို့ရဲ့ ထုတ်ပယ်မှုကို ငြင်းပယ်ပါတယ်"

အလုပ်သမား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခတစ်ခုကို အလုပ်သမားခေါင်းဆောင် ကိုထွန်းလင်းအောင်က ဝင်ရောက် ဖြေရှင်းပေးခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က နားလည်မှုလွဲပြီး ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ကိုထွန်းလင်းအောင်ကို ရုတ်တရက် အလုပ်ထုတ်လိုက်တာဟာ အလုပ်ရှင်ဘက်က အလုပ်သမား ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မမာမာဦးက ပြောပါတယ်။

ညနေပိုင်းမှာတော့ အလုပ်သမားတွေဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို အလုပ်ပြန်လည် ခန့်အပ်ရေးကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် နှစ်ဖက်ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။