ရွှေဘိုမှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား နှစ်ဆယ်ကျော် ပြန်မလွတ်သေး
2024.04.25

စစ်ကိုင်းတိုင်း ရွှေဘို-ဆိပ်ခွန်ရွာကားလမ်းမှာ ဒေသခံ ၂၃ ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးထားပြီး အချိန်တစ်ပတ်ကြာလာတဲ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ဧပြီလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
ရွှေဘို-ဆိပ်ခွန်ကားလမ်းပေါ်က ချီပါ (မြောက်) ရွာတံတားမှာ လမ်းသွားလမ်းလာတွေကို ဧပြီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံထားသူဟာ ဧပြီလ ၂၅ ရက် ဒီနေ့အထိ ရွှေဘိုမြို့နယ် မင်းကုန်းရွာမှာ စစ်ကြောင်းနဲ့အတူ ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် အမှတ် (၈) စစ်ခြေခံလေ့ကျင့်ရေးတပ်ကနေ အင်အား ၁၈၀ ခန့်နဲ့ ရွှေဘိုမြို့အနောက်ဘက်ခြမ်းက ရွာကိုတွေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"စစ်ကြောင်း စထိုးတဲ့နေ့က ချီပါတံတားထိပ်ကနေ လာသမျှ စောင့်ပြီး ဖမ်းတာ။ ဖမ်းခံရတဲ့သူတွေဆိုတာက ရွှေဘိုကနေ စျေးသွား၊ စျေးပြန်တွေ။ သူတို့က စစ်ကြောင်းထိုးလာတယ်ဆိုတာ မသိဘူးလေ။ ဒီနေ့ထိ လွှတ်ပေးတာလည်း မရှိသေးဘူး။ ပြီးတော့ ခရီးသည်ကိုလိုက်ပို့တဲ့ ကားတစ်စီးက အမျိုးသားနှစ်ဦး အသတ်ခံရတယ်လို့လည်း ကြားထားတယ်”
စစ်ကြောင်းစထိုးတဲ့ ဧပြီလ ၁၉ ရက်နေ့ကတော့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဂျဗွေကုန်းရွာက အသက် ၄၀ အရွယ် ဒေါ်တူးချို သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် ချီပါ (မြောက်) ရွာကနေအိမ်နဲ့ ဈေးဆိုင်ခန်း ၁၅ လုံးခန့်လည်း မီးရှို့ခံထားရပြီး အဲဒီအနီးတစ်၀ိုက် ရွာတွေက ဒေသခံ ငါးထောင်နီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူတိုင်းလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၁၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အမှတ် (၈) စစ်အခြေခံလေးကျင့်ရေးတပ်က ချီပါ (မြောက်) ရွာ တံတားအနီးမှာ ဒရုန်းဗုန်း ပစ်ချခဲ့တာကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။