ရွှေဘိုမှာ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေ ၁၈ ဦးဒဏ်ရာရ

RFA Burmese
2023.11.10
ရွှေဘိုမှာ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေ ၁၈ ဦးဒဏ်ရာရ တိုက်ခိုက်ရေး ဒရုန်းများနှင့် ဗုံးသီးများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်က တွေ့ရစဉ်။
ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်းရွာနဲ့ သီးလုံးရွာတွေမှာ နိုဝင်ဘာလ ၈ ရက်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် လူတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းချင်းရွာမှာ နိုဝင်ဘာလ ၈ ရက် မနက်ပိုင်းက မင်္ဂလာဆောင် အခမ်းအနား ကျင်းပနေချိန် ဒရုန်းဗုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် နှစ်ဆယ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

အလားတူ သီးလုံးရွာ ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၈ ရက် မနက်က ဆွမ်းကျွေး အလှူလုပ်နေချိန် ဒရုန်းဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာတွေဟာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးရွာတွေ ဖြစ်တာကြောင့် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြောရရင်တော့ မြင်းချင်းရော သီးလုံးရောက ပျူရွာတွေပေါ့။ ဒါကြောင့် ဒရုန်းနဲ့ တိုက်ခံရတာ။ ဒီတိုက်ခိုက်မှုမှာ သေဆုံးတစ်ဦး၊ ထိခိုက်တာက ၁၈ ဦးရှိတယ်။ မင်္ဂလာဆောင်ပွဲ ကျင်းပနေတဲ့အချိန်ဆိုတော့ လူစုနေတော့ ထိခိုက်တဲ့ အရေအတွက် များသွားတာပေါ့လေ”

ဒဏ်ရာရသူ အများစုဟာ ဦးခေါင်း၊ လက်၊ ရင်ဘတ်နဲ့ ပေါင်စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့မှာ ဗုံးစထိမှန်ခဲ့ပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးကို နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက ပို့ဆောင်ထားရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပြုလုပ်ခဲ့တာလို့ နိုဝင်ဘာလ ၁၀ ရက် ဒီကနေ့မှာ သတင်းစာတွေကနေတစ်ဆင့် ဖော်ပြပါတယ်။

ရွှေဘိုအခြေစိုက် ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း သူတို့အနေနဲ့ ပျူစောထီးရွာတွေကို ဒရုန်းစစ်ဆင်ရေး တချို့လုပ်ခဲ့တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့မှာပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကိုလည်း RFAက ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာပြီး အရပ်သား သေဆုံးထိခိုက်မှုတွေလည်း တိုးလာနေပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၇ သန်းနီးပါး တိုးလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။