ရွှေဘိုမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

2021.12.16
ရွှေဘိုမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မှာ စစ်ကောင်စီအဖွဲ့ဝင်တွေ ပစ်ခတ်လို့ သေဆုံးသွားတဲ့ မောင်ထွန်းလွင်ဦး ကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ရေဦး-ရွှေဘိုကားလမ်းမပေါ်မှာရှိတဲ့ ရွှေပြည့်အိမ်ဘီယာဆိုင်နားမှာ ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီလောက်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက် ၁၇ အရွယ် မောင်ထွန်းလွင်ဦး ဆိုတဲ့ လူငယ်တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး အဖမ်းခံလိုက်ရတယ်လို့ ရွှေဘိုမြို့ခံတွေက ပြောပါတယ်။

"ကောင်လေး နှစ်ယောက်က အလုပ်ကပြန်လာတာ။ သူတို့က ကုန်တင်ကုန်ချ လုပ်နေတဲ့သူတွေ၊ ဆိုင်ကယ်အပို မရှိလို့ နှစ်ယောက်စီးလာရင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေက ဘာမှမမေးဘဲ ပစ်လိုက်တာ။ ဆိုင်ကယ်မောင်းလာတဲ့ ကောင်လေးခေါင်းကို ကျည်က ထုတ်ချင်းပေါက်သွားတယ်။ ချောင်ကြိုချောင်ကြားမှာတောင် မဟုတ်ဘူး။ လူမြင်ကွင်းကြီးမှာ အပစ်ခံရတာ။ အခုက ရွှေဘိုမှာ စစ်ကောင်စီ တပ်တွေက မဲမဲမြင်ရာ အကုန်ပစ်နေတာ" လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ရွှေဘိုမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ မောင်ထွန်းလွင်ဦးဟာ ကောလင်းမြို့ကနေ ရွှေဘိုမြို့မှာ ကုန်တင်ကုန်ချ အလုပ်ဝင်လုပ်ပြီး မိဘကိုထောက်ပံ့ပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်နောက်မှာ စီးလာတဲ့ ကိုပြည့်စုံဦးလည်း အဖမ်းခံရပြီး ဒီနေ့အထိ မိသားစုဝင်တွေက ဆက်သွယ်လို့မရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။

ရွှေဘိုမြို့မှာ မောင်ထွန်းလွင်ဦးအပါဝင် နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးလို့ ပစ်သတ်ခံရသူ ငါးဦးရှိနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။