ရွှေဘို၊ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် နှစ်ဦးသေဆုံး
2023.06.01

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို ဇွန်လ ၁ ရက်နေ့ ညနေသုံးနာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားသလို၊ နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွှေဘို- မုံရွာလမ်းမကြီးဘေး စခန်းချထားတဲ့စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ရွာထဲကို ၆၀ မမ လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခဲ့တာဖြစ်ပြီး ဆိပ်ခွန်ရွာ၊ ၁၇ (က) ရပ်ကွက် တောင်စျေးနဲ့ အနောက်ခြမ်းကွက်သစ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် ကလေးသုံးယောက်မိခင် အသက် ၄၀ အရွယ် မကြူလှိုင် ရင်ဘတ်ထိမှန်ပြီး နေရာမှာတင်သေဆုံးခဲ့သလို၊ တောင်စျေးအနီးနေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ကိုစိုးကြီးမှာလည်း ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အမျိုးသမီးကတော့ ရင်ဘတ်ကိုမှန်တာပေါ့။ ရင်ဘတ်ကိုမှန်တာ နောက်ပွင့်ထွက်သွားတယ်။ အဲအမျိုးသမီးကတော့ ဆုံးသွားတယ်။ အသက် ၄၀ အရွယ် မကြူလှိုင်ပါ။ သားသမီးသုံးယောက်ရှိတယ်။ ကလေးအငယ်ဆုံးက နို့မပြတ်သေးဘူး။ အငယ်ဆုံးလေးက သုံးလသားလောက်ပဲရှိသေးတယ်။ ကလေးနို့တိုက်နေရင်းနဲ့ ထလိုက်တဲ့အချိန် လက်နက်ကြီးကျတဲ့အချိန်မှာ မှန်သွားတာ။ ကလေးလေးကတော့ ထိတော့မထိလိုက်ဘူး။ လက်နက်ပေါက်ကွဲတာကြောင့် လန့်ပြီးတော့ ကြောင်သွားတယ်။”
အသက် ၅၀ အရွယ် ဦးစိုးတင့်နဲ့ အသက် ၂၀ အရွယ်လူငယ်အမျိုးသားတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဆိုပါတယ်။
ဆိပ်ခွန်စံပြကျေးရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်ဘက် ၇ မိုင်အကွာမှာတည်ရှိပြီး ရပ်ကွက် ၁၈ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ အိမ်ခြေ ခုနှစ်ထောင်ကျော်ရှိပြီး လူဦးရေ နှစ်သောင်းကျော်နေထိုင်ကြပါတယ်။
စစ်ကောင်စီတပ်က မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ရွာထဲတွေ ပစ်ခတ်နေလို့ လက်ရှိမှာလည်း ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရ ဦးအေးလှိုင်ကို ဒီနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်ဖြေတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၃၆ဝဝ နီးပါး စစ်ကောင်စီရဲ့သတ်ဖြတ်တာ ခံခဲ့ရပါတယ်။