ရွှေတိဂုံစေတီတော်မှာ လုံခြုံရေးတိုးမြှင့်
2016.11.17

ရွှေတိဂုံစေတီတော်ကို အကြမ်းဖက်သမားတွေက ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် စေတီတော် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
လက်ရှိအချိန်မှာ စေတီတော်ကို လုံခြုံရေး တိုးမြှင့်နေပြီး လိုအပ်တဲ့ဝန်ထမ်းတွေလည်း တိုးချဲ့ခန့်ထားမယ် လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
"ရွှေတိဂုံစေတီတော်ကြီးကို နှောင့်ယှက်မယ် ဘာညာသတင်းတွေ လွှင့်တာတွေ ကြားတွေ့ကြရမှာပါ၊ ရွှေတိ ဂုံစေတီတော်ကြီး လုံခြုံမှုက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပါတယ်၊ လုံခြုံမှုအပြည့်အဝရရှိအောင် လုံခြုံရေးဝန်ထမ်းတွေ တိုးချဲ့ခန့်ထားဖို့အတွက်လည်း ညှိနှိုင်းထားပါတယ်"
လုံခြုံရေးအတွက် စေတီတော်ရဲ့လုံခြုံရေးအဖွဲ့သာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ အသုံးပြုထားတယ်လို့ လည်း ပြောပါတယ်။
လုံခြုံရေးအရ ရွှေတိဂုံစေတီတော်ကြီး အနီးဝန်းကျင်မှာ အဝေးထိန်းမောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ ပျံသန်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။