ရွှေတိဂုံစေတီတော်ကို လည်ပတ်တဲ့ နိုင်ငံခြားသားဧည့်သည် တိုးလာ


2017.08.11
shwedagon-622.jpg ရွှေတိဂုံဘုရားကို ဖူးမြင်ရစဉ်
Photo: Aung Thain Kha/ RFA

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားဧည့်သည်တွေ လာရောက်နှုန်းဟာ တစ်နှစ်ကိုပျှမ်းမျှ တစ်သိန်းဝန်းကျင် တိုးလာတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပွင့်လင်းမြင်သာတဲ့ အခြေအနေ ဖြစ်လာတာကြောင့် လာရောက်လေ့လာသူတွေ များလာတာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကပြောပါတယ်။

"တစ်နှစ်ကို တစ်သိန်းကျော်လောက် တက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဗုဒ္ဓဘာသာကို လက်တွေ့ကျင့်ကြံတဲ့ နိုင်ငံခြားသားတွေ များလာလို့လို့ ကျနော့်အနေနဲ့ယူဆပါတယ်။ မြန်မာနိုင်ငံက ပွင့်လင်းမြင်သာပြီး စီးပွားရေး တံခါးလည်းဖွင့်ထားတဲ့အတွက် အဲ့လိုပဲလာကျတဲ့သူတွေ ပိုများလာ တာ တွေ့ရပါတယ်။ ဒါဟာလည်း ဒုတိယအကြောင်းအချက် များလာခြင်းဖြစ်ပါတယ်။"

ရွှေတိဂုံ စေတီတော်ကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က နိုင်ငံခြားသားဧည့်သည် ၁၇၀၀၀၀ ကျော်လာရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂ ခုနှစ်မှာ ၃၄၀၀၀၀ ကျော်၊ ၂၀၁၃ ခုနှစ်မှာ ၄၁၀၀၀၀ ကျော်၊ ၂၀၁၄ ခုနှစ်မှာ ၅၀၀၀၀၀ ကျော်၊ ၂၀၁၅ ခုနှစ်မှာ ၅၁၀၀၀၀ ကျော်နဲ့ ၂၀၁၆ ခုနှစ်မှာ ၆၁၀၀၀၀ ကျော် ရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ လာရောက်လေ့လာသူဦးရေ ၃၆၀၀၀၀ ကျော်ရှိပြီလို့ ပြောပါတယ်။

နိုင်ငံခြားသား ဧည်သည်တစ်ဦးအနေနဲ့ စေတီတော်ကို ဝင်ကြေး ကျပ် ၈၀၀၀ ပေးသွင်းရတာဖြစ်ပါတယ်။

လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေထဲမှာ ထိုင်းနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်နဲ့ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင်က ရွှေတိဂုံစေတီတော်က ဘုရားပုထိုးတွေနဲ့ စေတီတွေကို နိုင်ငံခြားသားဧည့်သည်တွေအနေ နဲ့  ပြုပြင်မွန်းမံဖို့ လှူဒါန်းလိုတယ်ဆိုရင် အလှူရှင်က ကမ္ပည်းထိုးလိုတဲ့ဘာသာစကားနဲ့ ကမ္ပည်းထိုးခွင့်ပေးခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ကစပြီး မြန်မာ၊ အင်္ဂလိပ်ဘာသာစကားနှစ်မျိုးနဲ့သာ ကမ္ပည်းထိုးခွင့်ပေးတော့တယ်လို့လည်း ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။