၁၉ ရက်ကြာ စစ်ကြောင်းဝင်သွားတဲ့ ရွှေကူမြို့မှာ နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ခံထားရ

RFA Burmese
2023.04.18
၁၉ ရက်ကြာ စစ်ကြောင်းဝင်သွားတဲ့ ရွှေကူမြို့မှာ နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ခံထားရ ရွှေကူမြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
People Defense Force - ShweGu

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းကို မတ် ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွှေကူ PDF က ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 
 
ရွှေကူမြို့နယ်က မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီး စတဲ့ရွာတွေက နေအိမ်စုစုပေါင်း ၉၅၆ လုံး မီးရှိုခံခဲ့ရတာလို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇) နဲ့ ခလရ (၈၈) တို့ဟာ မတ်လ ၂၃ ရက်စပြီး ဧပြီလ ၉  ရက်နေ့အထိ ၁၉ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို လေကြောင်းကနေလည်း (၁၅) ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရွှေကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
ရွှေကူမြို့နယ် မံနားရွာခံတစ်ဦးကလည်း နေအိမ်တွေ မီးရှို့ခံလိုက်ရသလို အဲဒီရွာတွေက ဒေသခံတွေ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
 
 “မီးရှို့ခံလိုက်ရတာကတော့ ၁၂ ရွာပေါ့။ လေယာဉ်နဲ့ပစ်လို့ လောင်တာလည်းပါတယ် ပြီးတော့ သူတို့မီးရှို့တာလည်းပါတယ်။  ပြည်သူတွေကလည်း အခုထိ ထွက်ပြေးတိမ်းရှောင်နေရဆဲပဲ။ ကြောက်လို့ မပြန်ရဲကြတာ။ စစ်ကောင်စီ စစ်ကြောင်းကတော့ ထွက်သွားပြီ အခုမရှိကြတော့ဘူး”
 
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူ့တို့တပ်သားတွေက ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှ မီးမရှို့ဘူးလို့ အရင်က RFA မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
 
ဧပြီလ ၉ ရက်နေ့ကလည်း ရွှေကူမြို့၊ စီသာရွာက စစ်ရှောင်နေတဲ့ ဒေသခံ ၁၁ ဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးပြီး သတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ ဧပြီလ ၉ ရက်နေ့ သတင်းမှာတော့ မတ်လ ၂၃ ရက်ကနေ ဧပြီလ ၈ ရက်အထိ ရွှေကူမြို့နယ်မှာ တိုက်ပွဲပေါင်း (၂၁) ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
KIA နဲ့ PDF တွေက အဲဒီဒေသကို ခြေကုတ်ယူပြီး စစ်ကိုင်းတိုင်းကို လက်နက်ခဲယမ်း ထောက်ပံ့တာ၊ သစ်မှောင်ခို ထုတ်နေတာတွေ ရှိတယ်လို့လည်း စစ်ကောင်စီရဲ့သတင်းမှာ စွပ်စွဲရေးထားပါတယ်။
 
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ တပ်တွေရဲ့ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၅၅,၄၈၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။