KIA ဖမ်းသွားတဲ့ ရွှေကူက သုံးဦး ပြန်လွတ်လာ

အဲလိဇဘက်ဂျန်မာ
2020.10.25

ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ရင်း ၅ က ဖမ်းခေါ်သွားခဲ့တယ်ဆိုတဲ့ ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ်၊ ကျောက်ကြီးကျေးရွာ ဒေသခံသုံးဦး အောက်တိုဘာ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လူငယ် သုံးဦး ပြန်လွတ်လာတယ်လို့ မိသားစုဝင်တစ်ဦးနဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတို့က ပြောပါတယ်။

ဖမ်းဆီးခေါ်ခံရသူတွေက မောင်ကျော်ခိုင်ဦး (၃၁) နှစ်၊ မောင်ထွန်းရဲမိုး (၁၆) နှစ်နဲ့ မောင်နိုင်လင်း (၂၆) နှစ်တို့ဖြစ်ကြပြီး ရွှေကျင်တောမှာ အလုပ်သွားလုပ်နေတဲ့ စက်တင်ဘာ ၁၈ ရက် နေ့က ဖမ်းခေါ်သွားတာလို့ မောင်နိုင်လင်း ဖခင်က ပြောပါတယ်။

"ရွှေကျင်တောမှာဗျ။ ဟုတ်တယ် နေ့စားသွားလိုက်တဲ့အချိန်မှာ။ ကလေးတွေကတော့ အဲဒီမှာ ဘာခိုင်းလဲ ဆိုတော့ ထမင်းချက်၊ ရေခပ်၊ ထင်းခွေတာ လုပ်ခိုင်းတယ်တဲ့။ သင်တန်းတွေကတော့ မတက်ခဲ့ရဘူး ပြောတယ်"

သူတို့တွေဟာ မိသားစုနဲ့ တစ်လကျော်ကြာ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) ၊ ပြည်နယ်အစိုးရအဖွဲ့တွေကို အကြောင်းကြားစာ ပေးပို့အကူအညီ တောင်းခဲ့ပြီးတဲ့နောက် အခုလို လွတ်လာတာလို့ မြန်မာပြည်မြောက်ပိုင်း-သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ စိုင်းစန်းဝေက ပြောပါတယ်။

"ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖမ်းတဲ့အပေါ်မှာလည်း လူမျိုးတစ်မျိုးနဲ့ကြားမှာ စိတ်ထဲမှာ ခံစားမှုတွေဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုး အချင်းချင်းကြားမှာ နာကျည်းမှုတွေ မဖြစ်စေချင်ဘူးပေါ့။ အရင်တုန်းကတော့ ဖမ်းတာရှိပေမယ့် အခုနောက်ပိုင်းမှာတော့ တော်တော်လေးကို နည်းပါးသွားပြီဖြစ်ပါတယ်"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး  KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖမ်းဆီးခဲ့တာ ရှိ၊ မရှိ သူမသိဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ နှစ်လယ်ပိုင်းအထိ ရှမ်းနီမျိုးနွယ်စု၊ ရှမ်းမျိုးနွယ်စုတွေနဲ့ ဗမာတွေကို ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ စုစုပေါင်း ၆၀၀ ကျော်ရှိပြီလို့ စိုင်းစန်းဝေက ပြောပါတယ်။

ဒီစာရင်းဟာရေးရာ မြန်မာပြည်မြောက်ပိုင်း-ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို တိုင်ကြားလာတဲ့ စာရင်းသာဖြစ်ပြီး တချို့က ပြန်လွတ်လာပြီလို့လည်း ပြောပါတယ်။

အဖမ်းခံရသူ ၆၀၀ ကျော်ရှိတဲ့အထဲမှာ အသက် ၁၈ နှစ်အောက် ၈၁ ယောက် ပါဝင်တဲ့အတွက် ကလေးသူငယ်၊ လူငယ်အခွင့်အရေးတို့နဲ့ဆိုင်တဲ့ UN အဖွဲ့ဆီကို သီးခြားစာရင်းပြုစုပြီး ပေးပို့ခဲ့တယ်လို့ မြန်မာပြည်မြောက်ပိုင်း-ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒု-ဥက္ကဋ္ဌ စိုင်းခင်မောင်အေးက RFA ကို ပြောပါတယ်။

ဒီစာရင်းတွေဟာ တိုင်းကြားလာတဲ့စာရင်းတွေသာဖြစ်ပြီး ဘယ်နှစ်ယောက်ပြန်လွှတ်တယ်၊ ဘယ်လောက်ဆက်လက်ဖမ်းဆီးခံထားရတယ် ဆိုတာတော့ မသိဘူးလို့ စိုင်းခင်မောင်အေးက ပြောပါတယ်။

အဖမ်းခံရသူအများစုက ရှမ်းနီတိုင်းရင်းသားတွေဖြစ်ပြီး KIA တပ်ထဲ တာဝန်ထမ်းစေခဲ့တယ်၊ တချို့ကိုတော့ ငွေနဲ့ပြန်ရွေးခိုင်းတယ်လို့ သိရပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီး နော်ဘူက အောက်ခြေတပ်အဆင့်ဆင့်ကို ဆက်သွယ်စစ်ဆေးမယ်လို့သာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။