လက်နက်ကြီးကြောင့် ရွှေကျင်ဒေသခံတစ်ထောင်ကျော် ထွက်ပြေး
2023.02.14

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၂၄၃ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်ကစလို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ညောင်ပင်ကြီးရွာ၊ ညောင်ပင်ကြီးရွာသစ်နဲ့ သက်တူးကုန်းရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညတိုင်းလိုလိုပဲ။ ည ၉နာရီကျော်ပြီးဆို လက်နက်ကြီး လေးလုံး၊ ငါးလုံး ရွာထဲကို ပစ်ပစ်ချ တာ။ မနက်ဆိုလည်း အစောကြီး မနက် ၅ နာရီလောက်တွေ ပစ်ချတယ်။ အဲတော့ ရွာထဲ မှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတာပေါ့”
စစ်ဘေးဒုက္ခသည်တွေဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေက နီးစပ်ရာဆွေမျိုးနေအိမ် တွေနဲ့ ပြွန်တန်ဆာ၊ ပေါက်တော၊ ပိန်းဇလုပ်မြို့တွေမှာ တိမ်းရှောင်နေကြတာလို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၅ နာရီက စစ်ကောင်စီတပ် ခမရ-၂၀ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ ညောင်ပင်ကြီးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ် မညားဇူလိုင်၊ အသက် ၂၀ အရွယ် မဖြူစိုးအေးနဲ့ အသက် ၃၆ နှစ်အရွယ် မသန်းသန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီလ ၉ ရက်က ထုတ်ပြန်ချက်အရ ပဲခူးတိုင်းအရှေ့ခြမ်းမှာ စစ်ဘေးဒုက္ခသည် ၅၆,၉၀၀ ကျော် ရှိနေပါတယ်။