ရွှေကျင်မှာ စစ်ကောင်စီတပ်က တစ်အိမ်ကို ကျပ်ငါးသောင်းစီတောင်းကြောင်း KNU ထုတ်ပြန်

RFA Burmese
2023.11.12
ရွှေကျင်မှာ စစ်ကောင်စီတပ်က တစ်အိမ်ကို ကျပ်ငါးသောင်းစီတောင်းကြောင်း KNU ထုတ်ပြန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းက လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည့် နေအိမ်တချို့ အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် သံဆိပ်အုပ်စုက ရွာငါးရွာမှာရှိတဲ့ ဒေသခံတွေဆီကနေ နိုဝင်ဘာလ ၁၁ ရက်မှာ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ- ၇၅) သံဆိပ်စခန်းက ဗိုလ်မှူးအဆင့်ရှိသူ ဦးဆောင်ပြီး တစ်အိမ်ထောင်ကို ကျပ်ငါးသောင်းစီ တောင်းယူသွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သံဆိပ်အုပ်စုထဲက မင်းလမ်း၊ သံဆိပ်ရွာမ၊ မဲဇောင်း၊ ကမ်းနီနဲ့ ပန်းအင်း စတဲ့ ရွာငါးရွာက ဒေသခံတွေဟာ တစ်အိမ်ထောင်ကို ကျပ်ငါးသောင်းနှုန်းနဲ့ စစ်ကောင်စီတပ်ထံ ငွေအပြည့်ပေးခဲ့ရတယ်လို့ KNU က နိုဝင်ဘာလ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။

ပေးခဲ့ရတဲ့ ရွာငါးရွာမှာ စုစုပေါင်းအိမ်ခြေ ကိုးရာကျော် (၉၀၁ လုံး) ရှိတာကြောင့် စစ်ကောင်စီတပ်ကို ပေးရတဲ့ငွေက ကျပ်သိန်း ၄၅၀ ကျော် (၄၅,၀၅၀,၀၀၀ ကျပ်) ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက် မနက်ပိုင်းမှာကတည်းက စစ်ကောင်စီတပ် (ခလရ- ၇၅) သံဆိပ်စခန်းက ဗိုလ်မှူးမျိုးဝင်းထွန်းဦးဆောင်ပြီး အဲဒီရွာငါးရွာက ဒေသခံတွေကို ခေါ်ယူခဲ့တွေ့ဆုံခဲ့ပြီးနောက် ငွေတောင်းခံခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံဆယ်ဦးစီကို အခန်းတံခါးပိတ်ခေါ်တွေ့ခဲ့ပြီးနောက် တစ်အိမ်ထောင်ကို ကျပ်ငါးသောင်းနှုန်းနဲ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးထားပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခြံပိုင်ရှင်တွေကိုလည်း ခြံသေးရင် ကျပ်ငါးသောင်း၊ ခြံကြီးရင် ကျပ်တစ်သိန်းပါ ပေးရမယ်ဆိုပြီး ပြောခဲ့သလို ငွေမပြည့်ရင် လက်မခံကြောင်းပါ ပြောဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ဖို့ ငွေတောင်းခံရတဲ့ရွာတွေက ဒေသခံတွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ ဒီသတင်းက မှန်ကန်မှုမရှိဘူးလို့ တုံ့ပြန်ပါတယ်။

“KNU ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ အကြမ်းဖက်က ထုတ်ပြန်တဲ့သတင်းက ဘယ်လိုမှန်ကန်မှု ရှိမှာလဲ။ မမှန်ကန်ပါဘူး”

KNU ဘက်ကတော့ ဒီရက်ပိုင်း KNU နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ရွာတွေထဲ ငွေတောင်းခံမှုတွေ မကြာခဏရှိနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက်ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထံက ဝဲပျံ၊ ပေပင်ဆိပ်၊ ဘုရားဆိပ် အပါအဝင် ရွာ ၂၄ ရွာကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဆီကတစ်ဆင့် စစ်ကောင်စီပူးပေါင်း (BGF-1014) တပ်ရင်းလက်အောက်ခံ မိတ္ထီလာ တပ်စခန်းက သူတို့စခန်းမှာ စေတီတော် သိမ်တင်ဖို့ဆိုပြီး ကျပ်သိန်းနှစ်ရာနီးပါး (၁၉,၄၀၀,၀၀၀ ကျပ်) တောင်းယူသွားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။