ရွှေကျင်မြို့နယ်က အိမ်အလုံး ၄ဝ ဖယ်ခိုင်း


2017.06.08
shwekyin-house-620.jpg ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကန့်နီကျေးရွာက နေအိမ်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ကိုမောင်ပုံ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကန့်နီကျေးရွာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက နေထိုင်လာတဲ့ အိမ်အလုံးပေါင်း ၄၀ ကျော်ကို ရွှေလုပ်ငန်းရှင် ၂ ဦးက သူတို့ရဲ့ ရွှေလုပ်ကွက်ထဲမှာပါနေတယ်ဆိုပြီး ဖယ်ရှားပေးဖို့ ဇွန်လ ၇ ရက်နေ့ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် အကြောင်းကြားလာတယ်လို့ ကျေးရွာသားတစ်ဦး က ပြောပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းက မြေစာတွေစွန့်ပစ်ဖို့ဆိုပြီး မလွတ်ကင်းတဲ့အိမ်တွေကို ဖယ်ရှားခိုင်းနေတာ ဖြစ်တယ်လို့ ကန့်နီကျေးရွာဒေသခံ ကိုမောင်ပုံက ပြောပါတယ်။

"ကျနော်တို့ကို မလွတ်ဘူးဆိုပြီးတော့ သူတို့က ဖယ်ခိုင်းတာပေါ့နော်။ သူတို့က ဘယ်လိုလည်းဆိုလို့ရှိ ရင်တော့ မလွတ်လို့ရှိရင် ဘူဒိုဇာကားနဲ့ ထိုးချမယ်ပေါ့။ ဒီမြေတွေကလည်း ကျနော်တို့နေတာ ၁၅ နှစ် အနှစ် ၂၀ ဆယ်လောက်ရှိပြီ၊ အိုးအိမ်ဆောက်ပြီးတော့နေကြတာ။ အစကတည်းက သူတို့ပိုင်ဆိုင်တယ် ဆိုလို့ရှိရင်ပေါ့လေ နေရာတွေကို သူတို့ ပိတ်ပင်ထားပါ။ ဒီနေရာမဆောက်ရဘူး သူတို့လုပ်ထားပါလား။ အိုးကြီးအိမ်ကြီးတွေဖြစ်ပြီးမှ ဖျက်ရမယ်ဆိုတာ ဒါကတော့ သဘာဝလည်း မကျဘူး၊ နည်းလမ်းလည်း မကျဘူးပေါ့နော်။ သူတို့ပိုင်တယ် ဘယ်သူ့ကိုပဲတိုင်တိုင် သူတို့ကတော့ ဂရုမစိုက်ဘူး လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတယ်။"

အခုနေအိမ်တွေကို ဖယ်ရှားခိုင်းတဲ့ ရွှေလုပ်ငန်းရှင် ၂ ယောက်ဟာ ဒီနှစ်မှာမှ ကန့်နီကျေးရွာက ရွှေလုပ်ကွက် မှာ ရွှေတူးဖော်ခွင့်ရရှိတာဖြစ်ပြီး သူတို့ရဲ့ ရွှေတူးဖော်တဲ့ လုပ်ကွက်တွေမှာ မြေကြီး စွန့်ပစ်တာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

အခုဖယ်ရှားခိုင်းတဲ့ အိမ်တွေဟာ ဈေးဆိုင်ရောင်းချနေတဲ့ အိမ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

ရွှေကျင်းမြို့နယ်မှာရှိတဲ့ ကန့်နီကျေးရွာအပါအဝင် ကျားသစ်မြှောင်၊ ကူပိုတာ၊ ပိန်ပိန်၊ တောက်တဲကြီး၊ တောက် တဲလေ စတဲ့ကျေးရွာတွေမှာ ရွှေသတ္တုတူးဖော်လုပ်ငန်းတွေ အများဆုံး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။