ရွေးကောက်ပွဲ လွတ်လပ်မျှတ တည်ငြိမ်ရေး သူရဦးရွှေမန်း တိုက်တွန်း
2015.08.27

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒီနေ့ကြေညာပြီးနောက် မိန့်ခွန်းပြောကြားရာမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထည့်သွင်းပြောသွားတာဖြစ်ပါတယ်။
"နိုဝင်ဘာလ ၈ ရက်နေ့မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် လွတ်လပ်တရား မျှတပြီး ပွင့်လင်းမြင်သာမှုရှိအောင် ရွေးကောက်ပွဲကော်မရှင်တွင်သာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုအဖွဲ့၊ တရားစီရင်ရေးအဖွဲ့၊ ပါတီများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ နဲ့ ပြည်သူတစ်ရပ်လုံးမှာပါ တာဝန်ရှိသည်ဟုခံယူပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးကာလတို့မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးရရှိအောင် အားလုံးပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်"
ဒီတစ်ကြိမ်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးဟာ ၇ လ ကျော် ကြာမြင့်ခဲ့ပြီး ပြန်လည်စတင်မယ့်နေ့ရက် ကို ကြေညာခဲ့ခြင်းမရှိပါဘူး။
အမျိုးသားလွှတ်တော် အစည်းအဝေးတွေကတော့ ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေ ဆောင် ရွက်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့က ရပ်နားလိုက်ပြီဖြစ်ပြီး ပြန်လည်ကျင်းပမယ့်နေ့ရက်ကို မကြေညာခဲ့ပါဘူး။
လက်ရှိလွှတ်တော်သက်တမ်းဟာ လာမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။