အထူးတလည် မဲဆွယ်စည်းရုံးစရာမလိုကြောင်း သူရဦးရွှေမန်း ပြောကြား
2015.09.11

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်းက သူ့အနေနဲ့ အထူးတလည် မဲဆွယ်စည်းရုံးစရာ မလိုကြောင်းနဲ့ စိုးရိမ်ပူပန်နေမှာစိုးတဲ့အတွက် ဖြူးမြို့နယ်က ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။
သူရဦးရွှေမန်းဟာ သူ့ရဲမွေးရပ်ဇာတိမြေ ဖြူးမြို့နယ် ကြူအင်းကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ သူ့ကို စိုးရိမ်ပူပန်သူတွေ ရှိနေတဲ့အတွက် အခုလိုတွေ့ဆုံတာဖြစ်တယ်လို့ ပြောပါတယ်။
"ကျနော်ဒီမြို့နယ်မှာ အထူးမဲဆွယ်စရာမလိုပါဘူး၊ မဲလည်းဆွယ်မှာမဟုတ်ပါဘူး၊ အခုလအတွင်းမှာဖြစ်ခဲ့တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျနော့်ကို စေတနာ မေတ္တာ စာနာမှုတွေရှိပြီးတော့ ဒီကာလလေးမှာတော့ သွားပြီးတော့မျက်နှာပြပေးပါ၊ ကျနော့်အနေနဲ့ လူကြီးတွေရဲ့ စေတနာကိုနားလည်ပါတယ်၊ ကျနော်ပြောမယ် ဆို အထူးမဲဆွယ်စရာမလိုပါဘူး၊ ဘာကြောင့်လဲဆိုရင် ကျနော့်ရဲ့ စေတနာ မေတ္တာ ဒီမြို့နယ်အပေါ်မှာ ထားတဲ့ ကျနော့်ရဲ့ သစ္စာတရား သံယောဇဉ်တရားတွေ ဒီမြို့နယ်မှာရှိကြတဲ့ လူတိုင်း မဟုတ်တောင် တော်တော်များများကသိနေတဲ့အတွက် ကျနော်မဲဆွယ်စရာမလိုပါဘူး"
ဒါ့အပြင် သူရဦးရွှေမန်းက "ငါနဲ့မတူ ငါ့ရန်သူ၊ အပြုတ်တိုက်မယ် အပြတ်ရှင်းမယ်၊ ငါပဲ နေရာယူမယ်၊ နေရာကို ပုံစံအမျိုးမျိုး ပုံသွင်းပြီး ယူမယ်ဆိုတဲ့ အနေအထားမျိုးဆိုရင် ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး" လို့လည်း ပြောခဲ့ပါတယ်။
သူရဦးရွှေမန်းက ဖြူးမြို့နယ်တင်မကဘဲ တစ်နိုင်ငံလုံးမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ကို ဆောင်ရွက်ပေးသွားမယ်လို့ ဒေသခံတွေနဲ့ တေ့ွဆုံတဲ့နေရာတိုင်းမှာ ကတိပေးခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော်ကောင်စီ ဇေယျာသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာတော့ သူ့ဇာတိဖြစ်တဲ့ ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။
ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီပါတီက ဦးသန်းညွန့်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဒေါ်နန်းခင်ဦးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကိုကိုကျော် တို့အပါအဝင် ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။