လွှတ်တော်ရပ်နားပေးဖို့ တောင်း ဆို ကြိုးပမ်းချက် သူရဦးရွှေမန်း ပယ်ချ


2015.08.18
shwemann-parliament-620.jpg ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
Photo: RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ရေဘေးဒဏ်ခံနေရပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမယ့်အချိန် နီးကပ်နေတဲ့အတွက် လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေကို အပြီးရပ်ဆိုင်းပေးဖို့ ပြည်သူ့လွှတ်တော် မှာ တင်သွင်းတဲ့အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပယ်ချလိုက်ပါတယ်။

အဲဒီအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းတာဖြစ်ပြီး လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သူ့အနေနဲ့ အဲဒီအဆိုကို ကြိုဆိုကြောင်းနဲ့ အရေးကြီးတဲ့ ဥပဒေတွေကို ပြဌာန်းပြီးမှသာ လွှတ်တော် အစည်းအဝေးကို ရပ်နားမှာဖြစ်ကြောင်း ပြောပါတယ်။

"အခုတင်ပြချက်အတွက် ကြိုဆိုတယ်၊ သို့ရာတွင် ဥက္ကဌတစ်ယောက်အနေနဲ့ နာယကတစ်ယောက်အနေနဲ့ မိမိတို့နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ဆောင်ရွက်ရမယ့်ဥပဒေများ ထိုနည်းတူစွာပဲ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များ ဦးစားပေးပြီးတော့ အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင် တင်ပြတဲ့ တင်ပြချက် တင်ပြသူများနဲ့ ထောက်ခံသူများ လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် တိုင်းပြည်ကို အသိပေးတင်ပြပါတယ်"

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ မဲဆွဲစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်လိုတယ်ဆိုရင် လွှတ်တော်ကနေ ခွင့်ယူနိုင်ကြောင်းလည်း သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာလည်း အလားတူအရေးကြီးအဆိုကို တင်သွင်းခဲ့ရာ အဲဒီအဆိုကို မနက်ဖြန်မှာ ဆွေးနွေးဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားရာမှ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နောက်ကွယ်ကနေ မပါကြောင်းနဲ့ဖယ်ရှားတာ မဟုတ်ဘဲ တာဝန်အလှည့်ကျ လွဲှပြောင်းယူတာဖြစ်ကြောင်း ပါတီရဲ့ လက်ရှိပူးတွဲဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ်တွေက အခုကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ တင်ပြတာဟာ ပါတီနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သလို၊ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာပါတဲ့ မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းက ကန့်ကွက်ရင် ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်ဆိုတာကို သူ့အနေနဲ့ ထောက်ခံကြောင်းလည်း ဦးဌေးဦးက ပြောခဲ့ ပါတယ်။

တချိန်တည်းမှာဘဲ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ဟာ ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ပြည်သူ့လွှတ်တော် ဥက္ကဌရုံးမှာ သီးသန့်တွေ့ ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌတာဝန်ကနေ သူရဦးရွှေမန်းကို ဖယ်ရှားပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံတာ အခုဒုတိယအကြိမ် ဖြစ်ပါတယ်။

မနေ့ကလည်း ပြည်သူ့လွှတ်တော် ဥက္ကဌရုံးမှာပဲ အခုလိုတေ့ွဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေ ကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။

ရေဘေးသင့်ဒေသတွေရဲ့အရေး ဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က လွှတ်တော်မှာ ဒီကနေ့ အရေးကြီးအဆို တင်သွင်းကြိုးပမ်းလာတဲ့အပေါ် သုံးသပ်သူတွေရဲ့အမြင်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီကြိုးပမ်းမှုနဲ့ပတ်သက်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ တင်မောင်မောင်သန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။