ပြည်ခိုင်ဖြိုးပါတီပြဿနာတွေ လွှတ်တော်ထဲကို ယူမလာဖို့ သူရဦးရွှေမန်း သတိပေး


2015.08.18
shwemann-parliament-620.jpg ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်း ပြဿနာတွေကို လွှတ်တော်အတွင်း ယူဆောင်မလာဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုးပါတီမှာ သူ့ကို ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အသိပေးပြော ကြားရာမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"ပြည်သူများ စိုးရိမ်ပူပန်မှုရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်၊ အဆိုပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်း လတ်တလောဖြစ်ပေါ်နေသောကိစ္စရပ်များကို လွှတ်တောအတွင်း ယူဆောင်လာခြင်း မပြုစေလို ပါကြောင်း ပြောကြားလိုပါတယ်၊ သို့ရာတွင် ကျနော်သည် ပြည်သူ့လွှတ်တော်ဥက္ကဌ အလှည့်ကျ ပြည်ထောင်စု လွှတ်တော် နာယက ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သလို ဒီကိစ္စအတွက် တိုက်ရိုက်တိုက် ဆိုင်နေသည့်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို လိုအပ်သလောက်သာ အသိပေးရှင်းလင်း တင်ပြခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့က သူနဲ့ ဦးဌေးဦးထံ ပြည်ခိုင်ဖြိုးပါတီကနေ စာပေးပို့လာကြောင်းနဲ့ အဲဒီစာမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်အချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေကြောင်း၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုကို ပျက်ကွယ်ပြုပြီး ပါတီရဲ့ပူးတွဲဥက္ကဌ တာဝန်ထမ်းဆောင်သူဟာ သူတစ်ဦးတည်းရဲ့ ဆန္ဒအရသာ ဆုံးဖြတ်ပြု လုပ်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုမရှိကြောင်း၊ ပါတီရဲ့ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေကြောင်း၊ မဲဆန္ဒရှင်တချို့က လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ တိုင်ကြား ထားကြောင်း စတာတွေကြောင့် ပါတီရဲ့ ဂုဏ်သိက္ခာထိခိုက်စေပြီး လာမယ့် ရွေးကောက်ပွဲအောင်မြင်ရေးကို ထိခိုက်လာနိုင်ကြောင်း ဖော်ပြထားတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေ ပေါ်ပေါက်လာအောင် သူ့အနေနဲ့ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းလည်း သူရဦးရွှေမန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။