စစ်ကိုင်းတိုင်းက ရွှေပြည်အေးမြို့ကို PDF နဲ့ မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်
2023.02.02
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေပိုင်းက PDF နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဟုမ္မလင်း PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရွှေပြည်အေးမြို့ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်က ဗိုလ်ချုပ် သာအေး တည်ထားခဲ့တဲ့ မြို့ဖြစ်ပြီး ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း-ဟုမ္မလင်း ၊ HPDF-124၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့က မနေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တာလို့ ဟုမ္မလင်း PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ညနေပိုင်းမှာလည်း ရွှေပြည်အေးမြို့၊ ချင်းတွင်းမြစ်နားက စစ်ကောင်စီစခန်းတစ်ခုကို ထပ်တိုက်နေတယ်လို့ ဟုမ္မလင်း PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ဟုမ္မလင်းအခြေအနေကတော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတယ်။ မနေ့က ကတည်းကဖြစ်နေတာ။ ကျနော်တို့ ရွှေပြည်အေးမှာလည်း သိမ်းထားသလောက် သိမ်းထားပြီ။ တော်စီရွာဘက်ကိုလည်း ထိန်းနိုင်ဖို့ ကြိုးစားနေတယ်။ မနေ့ကနဲ့ ဒီနေ့စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ ပြည်သူတွေ ထိခိုက်မှုတော့ အသေးစိတ်မသိရသေးဘူး။ ပြည်သူတွေ ထွက်ပြေးတဲ့သူတွေလည်း ထွက်ပြေးကြတယ်။ စာရင်းအတိအကျတော့ မသိရဘူး။ အခုတိုက်ပွဲမှာ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိဘူး။ သူတို့ဘက်ကတော့ ထိခိုက်သေဆုံးများတယ်"
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ PDF တွေက ပြောဆိုပေမယ့် ဒီအချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ် (SNA) တို့ဘက်ကလည်း ချင်းတွင်းမြစ်ကနေ စစ်အင်အားတွေ ပို့နေတယ်လို့ PDF အဖွဲ့တွေဘက်က ပြောပါတယ်။
စစ်ကောင်စီကဘက်ကလည်း ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းပစ်ကူများဖြင့် တန်ပြန်ထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဟုမ္မလင်း-ဖောင်းပြင် ရေကြောင်း လမ်းနဲ့ မြစ်ရိုးကုန်းကြောင်းလမ်းတွေကို အသုံးမပြုဖို့ကိုလည်း ဟုမ္မလင်း PDF က ထုတ်ပြန်ထားပါတယ်။
အခုအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။