သိမ်းဆည်းခံ လယ်မြေရောင်းချ မှု ဒေသခံတောင်သူတွေ ဆန္ဒပြ


2015.09.22
shwepyithar-farmers-protest-620.jpg ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က မြေသိမ်းခံတောင်သူတွေ ဆန္ဒပြကြစဉ်
Photo: Tun Myint/RFA

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်နီးပါးထဲက တချို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ရောင်းချနေတာကို ဒေသခံ ၄၀ ကျော်က ရွှေပြည်သာမြို့နယ် က လှော်ကားကျေးရွာမှာ မနေ့က ဆန္ဒပြကြပါတယ်။

တောင်သူတွေကို ပြန်မပေးဘဲ မြို့နယ်စည်ပင်အတွက် ရန်ပုံငွေလိုတယ်ဆိုပြီး မြေကွက်ရိုက်ရောင်းချနေတာကို မကျေနပ်တာကြောင့် ဆန္ဒပြတာလို့ ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ တောင်သူ ဦးအောင်ဝင်းက ပြောပါတယ်။

"ပလပ်မြေတွေကို နိုင်ငံတော်ကနေပြီး ပြန်ပေးပါဆိုတဲ့ ဥပဒေတွေထွက်နေတဲ့ ကြားထဲကနေပြီး စည်ပင်ကနေ သူတို့ပိုင်ပါတယ်ဆိုပြီး မကျူးကျော်ရ ဗွီနိုင်းတွေလာထောင်တယ်၊ ခြံစည်းရိုးတွေလာခတ်တယ်၊ မြို့တော်စည်ပင်သာယာရေးဌာနက ငွေလို၍ ပလပ်ခြံမြေများကို လေလံတင်ရောင်းချပါမည်ဆိုတဲ့ သတင်းစာကြော်ငြာစာကနေသိပါတယ်၊ အကွက်ပေါင်း ၂၇ ခု အသိမ်းခံရတဲ့လယ်သမားဦးရေ တစ်ထောင်ကျော်ရှိတယ်၊ ဒီလေလံတင်တဲ့အထဲမှာပါတာက ငါးရာကျော်ပါတယ်၊ ဒီအတွက်မခံနိုင်လို့ ဆန္ဒပြဖော်ထုတ်ရခြင်းဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က ရွှေပြည်သာမြို့သစ် ထူထောင်ဖို့အတွက်ဆိုပြီး အိုးအိမ်ဌာနနဲ့ စည်ပင်သာယာရေးကော်မတီ က လယ်ယာမြေဧက တစ်သောင်းကျော်ကို သိမ်းယူခဲ့ပြီး မြို့သစ်ကို တည်ထောင်ပြီးတဲ့နောက် ဧကတစ်ထောင် ဝန်းကျင် ကျန်ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသုံးမပြုတော့တဲ့ လယ်ယာမြေတွေကို မူလတောင်သူတွေထံ ပြန်ပေးဖို့ နိုင်ငံတော်သမ္မတရုံးက ကြေညာ ထားပေမယ့် ပြန်လည်ပေးအပ်တာမရှိဘဲ မြေကွက်ရိုက်ပြီး ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။