ရွေးကောက်ပွဲ ကော်မရှင် ပြန်ဖွဲ့ဖို့ လက်မှတ်များ ကောက်ခံ


2015.02.01
election-305 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး(အလယ်) စက်တင်ဘာလ ၇ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ မှာ နိုင်ငံရေးပါတီ ၃၅ ပါတီနဲ့ ဆွေးနွေးစဉ်
Photo: Kyaw Zaw Win / RFA

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန် လည် ဖွဲ့စည်းပေးဖို့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်က ရန်ကုန်မြို့မှာ ဒီနေ့ လက်မှတ်တွေ စုဆောင်းကောက်ယူခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် မှာ ဟောပြောပွဲပါ ကျင်းပပြီးနောက် လက်မှတ်တွေ ကောက်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဟောပြောပွဲမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းသင့်ကြောင်း ပြောပါတယ်။­­

"လက်ရှိကော်မရှင်ဟာ ဥပဒေမပြဌာန်းခင် အရင်ကပြဌာန်းထားတဲ့ ကော်မရှင်ဖြစ်နေတယ်၊ ဥပဒေပြဌာန်းပြီးတဲ့နောက် ဥပဒေနဲ့ညီတဲ့ကော်မရှင် က မပြဌာန်းရသေးဘူး၊ ဒီလိုဆိုရင် ဒီကော်မရှင်ဟာ ဥပဒေနဲ့မညီဘူးလို့ ကျနော်တို့က သတ်မှတ်ရမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ ရွေးကောက်ပွဲကော်မရှင် ပုဒ်မ ၅ မှာပါတဲ့ အရည်အချင်းတွေနဲ့ကြည့်လိုက် လို့ရှိရင် လက်ရှိကော်မရှင်ဟာ တရားမဝင်ဘူး၊ ဒီလိုဆိုရင် ကျနော်တို့မှာ ပြောစရာက တရားမဝင်တဲ့ကော်မ ရှင်တစ်ရပ်က ဘယ်လိုလုပ်ပြီးတော့ တရားဝင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ကို လုပ်ပေးမှာလဲ၊ ၂ဝ၁၅ ရွေးကောက်ပွဲကြီး ကျနော်တို့တိုင်းပြည်အတွက် သိပ်အရေးကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့ ရွေးကောက်ပွဲကြီး၊ အဲ့သလိုရွေးကောက် ပွဲကြီးကို ကျင်းပပေးမယ့် တာဝန်ခံလုပ်ကိုင်ပေးမယ့်ပုဂ္ဂိုလ် သူကိုယ်တိုင်က တရားဝင်ဖို့လိုတယ်"

ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော်သမ္မတရုံးထံ တင်ပြသွားမယ်လို့ လက်မှတ်ကောက်ယူသူတွေက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ဦးဆောင်သူတွေနဲ့ အဖွဲ့ဝင်တွေဟာ တပ်မတော်မှာ ထိပ်ပိုင်းတာဝန်ယူ ထမ်းဆောင်ခဲ့ကြသူတွေဖြစ်တဲ့အပြင် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလည်း ထိပ်ပိုင်းနေရာ တာဝန်ယူထားသူတွေ ဖြစ်တဲ့အတွက် ကော်မရှင်အကြီးအကဲတွေအဖြစ် မျှတအောင် တာဝန်ယူနိုင်မယ်လို့ မယူဆကြောင်း လက်မှတ်ကောက်ယူသူတွေက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းရေး လက်မှတ်ကောက်ခံသူတွေနဲ့ နိုင်ငံရေးပါ တီ ခေါင်းဆောင်တွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။