ဟုမ္မလင်းမှာ ငြိမ်သက်သပိတ်ကို ဆန့်ကျင်ဖို့ ခြိမ်းခြောက်စာတွေ ဖြန့်ဝေ

2021.12.09
ဟုမ္မလင်းမှာ ငြိမ်သက်သပိတ်ကို ဆန့်ကျင်ဖို့ ခြိမ်းခြောက်စာတွေ ဖြန့်ဝေ "ဆိတ်သုဥ်းနေတဲ့ လူအခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ" စာတန်းကိုင်ဆောင်ပြီး မန္တလေးမှာ ဒီဇင်ဘာ ၇ ရက်နေ့က ဆန္ဒပြစဥ်
Photo: CJ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘူး ဆိုတာကို ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ငြိမ်သက်သပိတ်ပြုလုပ်ပြီး ဆန္ဒပြကြဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်ကို လိုက်နာရင် အသက်နဲ့ စီးပွားဥစ္စာတွေ အာမမခံဘူးဆိုတဲ့ ခြိမ်းခြောက်စာတွေ စစ်ကိုင်းတိုင်း၊ ဟုမ္ပလင်းမြို့က လမ်းတွေပေါ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပျံ့နှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစာထဲမှာ ဈေးဆိုင်တွေ ရောင်းဝယ်မှုမရှိဘဲ ပိတ်သိမ်းမယ်ဆိုရင် တစ်သက်လုံး ပိတ်သိမ်းသွားဖို့နဲ့ အဲဒီနောက်ရက် ဖွင့်မယ်ဆိုရင် အသက်နဲ့ စီးပွားဥစ္စာတွေကို အာမခံချက်မရှိကြောင်း ဆိုတဲ့ ရေးသားချက်တွေ ပါဝင်ပါတယ်။

“ပြည်သူတွေပါဝင်မှာ စိုးရိမ်တော့ ခြိမ်းခြောက်စာပစ်တာပေါ့။ ဒီစာရွက်ပျံ့စေချင်တဲ့သူတွေက ဆိုင်တွေကို လိုက်မဝေရဲတော့ လမ်းတွေပေါ်မှာ ကျဲချသွားတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ပါဝင်သွားမှာပါ။ ဈေးဆိုင်တွေ အားလုံးပိတ်ကြမှာ။ စစ်အာဏာရှင်ကို နိုင်တဲ့ဘက်ကနေ တော်လှန်သွားမယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟုမ္ပလင်းမြို့ မြို့မဈေးက ဈေးသည်တစ်ဦးက ပြောပါတယ်။

ငြိမ်သက်သပိတ်မှာ ပါဝင်မယ့်သူတွေကို ခြိမ်းခြောက်ထားတဲ့စာရွက်တွေကို စစ်ကောင်စီကို ထောက်ခံတဲ့သူတွေနဲ့ ပျူစောထီးအဖွဲ့တွေက ဖြန့်ဝေတာဖြစ်နိုင်တယ်လို့ ဟုမ္ပလင်းမြို့က ဒေသခံတွေက ဆိုပါတယ်။

ဟုမ္ပလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ပြည်သူတွေအနေနဲ့ ငြိမ်သက်သပိတ်မှာပါဝင်ဖို့ ဒီဇင်ဘာလ ၈ ရက် မနေ့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ငြိမ်သက်သပိတ်ကို စစ်အာဏာရှင် မလိုလားကြတဲ့သူတွေက မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ ပြုလုပ်သွားမယ်ဆိုပြီး အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့အသီးသီးက ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။