စင်္ကာပူရောက် မြန်မာတွေလည်း မဲစာရင်းမှားတွေနဲ့ ကြုံနေရ
2015.10.14
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်နိုင်ဖို့၊ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မြန်မာသံရုံးမှာ ပုံစံ (၁၅)ကို ဖြည့်စွက်ပြီး တင်ခဲ့ပေမဲ့၊ ပြန်လည်ရောက်ရှိလာတဲ့ မဲစာရင်းမှာ အမည်မပါသူတွေ အများအပြား ရှိနေတယ်လို့ စင်္ကာပူရောက် မဲဆန္ဒရှင်တွေက ပြောပါတယ်။
ပုံစံ (၁၅)တင်ခဲ့ချိန်က လက်ခံရရှိကြောင်း အတည်ပြုပြန်ကြားစာရရှိခဲ့သူတွေရဲ့ အမည်တွေပါမတွေ့ရဘဲ ပျောက် ဆုံးနေတယ်လို့ ဆိုပါတယ်။ မနေ့က စင်္ကာပူနိုင်ငံကိုရောက်ရှိလာတဲ့ မဲစာရင်းတွေမှာ မြို့နယ်အများအပြားက မဲဆန္ဒရှင်အမည်တွေမပါဝင်ဘဲ၊ ကျန်နေတာ တွေ့ရှိရတယ်လို့ စင်္ကာပူနိုင်ငံက မဲပေးလိုသူတွေကို အကူ အညီပေးနေတဲ့အဖွဲ့က မသန္တာ က ပြောပါတယ်။
"မြို့နယ်အလိုက်ကို ကျကျန်ခဲ့တာ၊ တချု့ိမြို့နယ် လှိုင်မြို့နယ်မှာကျတော့ စာမျက်နှာတွေ ကျကျန်နေခဲ့တာ၊ အဲ့လိုပါမလာတာတွေရှိတဲ့အပြင် ပုံစံ ၁၅ ပြင်လိုက်တာသေချာပြီးတော့ confirmation letter လည်း အီးမေးလည်းပြန်ရရဲ့သားနဲ့ မဲစာရင်းမှာပါမလာတဲ့သူတွေလည်းရှိနေတယ်၊ အဲဒါကျတော့ သံရုံးမှာဘယ် လိုပြောသလဲဆိုတော့ တာဝန်မရှိပါဘူးဆိုတဲ့စာမျိုး တရားဝင်ထွက်လာတယ်ပေါ့နော်၊ မဲပေးပိုင်ခွင့်ရှိသူ တစ်ယောက်အနေနဲ့ လုပ်ရမယ့်တာဝန်တွေ ကျေပွန်ခဲ့ပြီးပါရဲ့နဲ့ သူ့မဲလက်မှတ်ကပါမလာဘူးဆိုတာက မဲပေးပိုင်ခွင့်မရှိဘူးဆိုတာကတော့ တော်တော်ကြီးကို မှားနေတာပေ့ါနော်"
စင်္ကာပူသံရုံးမှာ ပုံစံ (၁၅) တင်ခဲ့သူ စုစုပေါင်း ၂သောင်း ၂ထောင်ခန့် ရှိပါတယ်။
နိုင်ငံခြားမှာ ကြိုတင်မဲထည့်မယ့်သူစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရာမှာနိုင်ငံအလိုက် ထုတ်ပြန်တာ မဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးက စာရင်းတွေကို ရောထွေးထုတ်ပြန်ထားတာကြောင့် အမည်စာရင်းရှာဖွေရာမှာ အခက် အခဲရှိတယ်လို့ မသန္တာ က ပြောပါတယ်။
စင်္ကာပူနိုင်ငံက မဲပေးလိုသူတွေကို အကူအညီပေးနေတဲ့အဖွဲ့က မသန္တာ ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။