ရခိုင်ပြည်နယ်အရေး အာဆီယံကူညီဖို့အသင့်ဟု စင်္ကာပူပြော
2019.02.13
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံမယ့်ကိစ္စမှာ အာဆီယံအဖွဲ့က ကူညီဖို့ အဆင်သင့်ရှိပေမယ့် ဒုက္ခသည်တွေ ပြန်လာဖို့ရက်ကိုတော့ အာဆီယံအနေနဲ့ အတိအကျ သတ်မှတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ စင်္ကာပူလွှတ်တော်မှာ ဒီကနေ့ ရှင်းလင်းဖြေကြားရာမှာ အခုလို ပြောခဲ့တာပါ။
ရိုဟင်ဂျာတွေအနေနဲ့ သူတို့ဆန္ဒအလျောက် လုံခြုံစိတ်ချမှုရှိရှိ ပြန်လာနိုင်ဖို့လိုအပ်ပြီး၊ အဲဒီလိုပြန်လာရင် ကျန်းမာရေး၊ ပညာရေး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး… စတဲ့လိုအပ်ချက်တွေကို အာဆီယံ အနေနဲ့ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ကိစ္စကတော့ အချုပ်အချာ အာဏာပိုင်ဆိုင်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အတွက် နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ မသင့်ဘူးလို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
သူ့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နဲ့ပါ လွန်ခဲ့တဲ့နှစ်လလောက်က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ခေါင်းဆောင်နှစ်ဦးစလုံးက ဒုက္ခသည်တွေ ပြန်လာရေးကို အမှန်တကယ်လိုလားကြတယ်ဆိုတာ အင်မတန်သေချာပါတယ်လို့လည်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan လွှတ်တော်မှာ ပြောဆိုသွားပါတယ်။