မြန်မာစစ်တပ်ကို ဆိုနာစနစ်ရောင်းခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦး ဒဏ်ငွေချမှတ်ခံရ

RFA Burmese
2023.09.19
မြန်မာစစ်တပ်ကို ဆိုနာစနစ်ရောင်းခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦး ဒဏ်ငွေချမှတ်ခံရ မြန်မာရေတပ်အား ၂ဝ၁၈ ခုနှစ်တွင် ဆိုနာစနစ်ရောင်းချခဲ့သည့် စင်ကာပူနိုင်ငံသားနှစ်ဦး။
ST PHOTOS/KELVIN CHNG

မြန်မာစစ်တပ်ကို ဆိုနာ အသံလှိုင်းသုံးရှာဖွေရေးစနစ်တစ်ခုနဲ့ စစ်တမ်းကောက်ယူရေး ဒရုန်းတွေ တရားမဝင်ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဏ်ငွေတွေပေးဆောင်ဖို့ စင်ကာပူတရားရုံးက စက်တင်ဘာ ၁၉ ရက်နေ့က အမိန့်ချလိုက်ပါတယ်။

"ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာပစ္စည်းတွေ ခွင့်ပြုချက်မရှိဘဲ ရောင်းချမှု" နဲ့ စင်ကာပူအခြေစိုက် Hydronav ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်နဲ့ညီမျှတဲ့ စင်ကာပူဒေါ်လာ ၁.၁၃ သန်းပေးဆောင်ဖို့ ဒဏ်ချမှတ်ခဲ့တာပါ။

ဒါ့အပြင် ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်တဲ့ Wui Ong Chuan ကို စင်ကာပူဒေါ်လာ လေးသောင်းခွဲနဲ့ အရောင်းမန်နေဂျာ Poiter Agus Kentjana ကိုလည်း စင်ကာပူဒေါ်လာ သုံးသောင်းခွဲဆီ ငွေဒဏ်တွေပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါတယ်။

Hydronav ကုမ္ပဏီဟာ နော်ဝေကုမ္ပဏီတစ်ခုကထုတ်တဲ့ ဆိုနာစနစ်ကို ဝယ်ယူပြီး Myanmar Entity Light of Universe ဆိုတဲ့ မြန်မာကုမ္ပဏီကနေတစ်ဆင့် မြန်မာရေတပ်ကို အမေရိကန်ဒေါ်လာ ၁.၅၈ သန်းနဲ့ ၂၀၁၈ခုနှစ်မှာ ပြန်ရောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ နော်ဝေကုမ္ပဏီဘက်ကိုတော့ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုကို ရောင်းခဲ့တာဆိုပြီး စာရွက်စာတမ်းအတုတွေနဲ့ လိမ်လည်ခဲ့တယ်လို့ ဝန်ခံထားကြပါတယ်။

စင်ကာပူနိုင်ငံဟာ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာနည်းပညာပစ္စည်းတွေ အပါအဝင် မဟာဗျူဟာကျတဲ့ ကုန်ပစ္စည်းတွေ တင်ပို့တာကို ထိန်းချုပ်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လက်နက်ပစ္စည်းရောင်းချတာမရှိဘူးလို့ စင်ကာပူအစိုးရက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။