စစ်အုပ်စုကို ပိတ်ဆို့အရေးယူဖို့ စင်ကာပူကို အရပ်ဘက်အဖွဲ့ သုံးရာကျော် တောင်းဆို
2023.10.29

စစ်အုပ်စုကို အမြန်ဆုံးပိတ်ဆို့အရေးယူပေးဖို့ ပြည်သူသုံးသောင်းနီးပါး (၂၇,၇၀၀ ကျော်) ရဲ့ လက်မှတ်နဲ့အတူ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့ သုံးရာကျော်က စင်ကာပူအစိုးရကို အောက်တိုဘာ ၂၉ ရက်ဒီနေ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ငွေကြေးလွှဲပြောင်းမှုကို ပိတ်ဆို့အရေးယူပေးဖို့၊ စင်ကာပူနိုင်ငံပိုင် ဘဏ်တွေမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရပိုင် နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို စစ်ကောင်စီကို သုံးစွဲခွင့် မပြုဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood money campaign) က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက်ကနေ ၃၁ နေ့အထိ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေစုပေါင်းပြီး စင်ကာပူအစိုးရကို ဖိအားပေးဖို့ ကမ္ဘာလုံးဆိုင်ရာလူထုလှုပ်ရှားမှု ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စင်ကာပူနိုင်ငံဟာ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံတွေထဲမှာ တတိယအကြီးဆုံးနိုင်ငံဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံဟာ စစ်ကောင်စီရဲ့ စစ်လက်နက်၊ စစ်ဘက် - အရပ်ဘက်နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ လေယာဉ်ဆီ ဆက်လက်ဝယ်ယူနိုင်ရေးအတွက် ငွေကြေးဗဟိုချက်အဖြစ် ရပ်တည်ပေးနေတယ်လို့လည်း ဆိုထားပါတယ်။
ဒီအိတ်ဖွင့်ပေးစာအပေါ် စင်ကာပူအစိုးရဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ကို လက်နက်တွေ၊ စစ်ဘက် - အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ လွှဲပြောင်းရောင်းချနေတာတွေကို တားဆီးပေးဖို့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း နှစ်ရာနီးပါးက စင်ကာပူအစိုးရကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ပါတယ်။