စဉ့်ကူးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
2024.06.11
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထီးကုန်းရွာက နေအိမ်တစ်လုံးပေါ်ကို ဇွန်လ ၁၁ ရက် မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ထီးကုန်းရွာက အသက် ၄၀ အရွယ် ကျောင်းဆရာမ ဒေါ်ဇင်မေဝင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တစ်ယောက်ထိပြီး သေတယ်။ သူက ကျောင်းဆရာမ။ ထိခိုက်တဲ့သူရှိတယ်။ သူတို့က တစ်ခုခုဆို လက်နက်ကြီးနဲ့ ပစ်တာ”
နောက်ထပ် အမျိုးသားနှစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထီးကုန်းရွာ အပါအဝင် အနီးပတ်ဝန်းကျင်က ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
ဒီလက်နက်ကြီးကို ထုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
ဇွန်လ ၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ မြသီတာရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၀ ကျော်အရွယ် ဒေါ်ငွေတင် သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီး ကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။