သီပေါနဲ့ လားရှိုးကြားက စဉ့်အင်တံတား ကျိုးကျပျက်စီး
2023.12.02

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ သီပေါ- လားရှိုး ပြည်ထောင်စုလမ်းမပေါ်က စဉ့်အင်တံတား ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းမှာ သုံးလို့မရအောင် ကျိုးကျပျက်စီးသွားခဲ့တယ်လို့ သီပေါနဲ့ လားရှိုးဒေသခံတွေက ပြောပါတယ်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က စဉ့်အင်တံတားမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းကို မနေ့က ဝင်တိုက်ခိုက်ချိန် အဲဒီတံတား ထိခိုက်ပျက်စီးခဲ့ပေမယ့် မကျိုးကျသေးဘဲ ညနေပိုင်းမှ ကျိုးကျခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီပေါဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကထိ တံတား ကျိုးတယ်၊ မကျိုးဘူး အငြင်းပွားနေကြသေးတယ်။ ညနေပိုင်းမှာတော့ ကျိုးသွားတာပေါ့။ ရုပ်သံတွေလည်း တက်လာတယ်လေ။ မနေ့က နေ့လယ်ပိုင်းမှာ မကျိုးသေးဘူး။ တံတားက အပေါက်တွေ ဖြစ်နေပြီ။ သွားလို့ရသေးတယ် ပြောတာပဲ။ ညနေပိုင်းမှာမှ ဖောက်ခွဲခံရပြီး ကျိုးသွားတာလို့ သိရတယ်။ တိုက်ပွဲတွေလည်း ပြင်းနေတော့ ဘယ်ကလုပ်မှန်းတော့ သေချာမသိဘူးလေ။ သွားရေး လာရေးကတော့ မန်စံ၊ ပန်လုံဘက်က ပတ်သွားမှရမှာ။ အခုက အခြေအနေ ဆိုးနေတော့ ဒေသခံတွေ အကုန် ပြေးနေရတယ်”
ဒီဇင်ဘာ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း လားရှိုးနဲ့ အနီးတစ်ဝိုက်မှာ ပစ်ခတ်သံတွေ ကြားနေရပြီး စဉ့်အင်တံတား ကျိုးကျသွားတာ မှန်ကန်ကြောင်း လားရှိုးဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေဆိုခြင်းမရှိပါဘူး။
သီပေါ-လားရှိုး လမ်းပေါ်က စဉ့်အင်တံတား ကင်းစခန်းနဲ့ မူဆယ်-ကွတ်ခိုင်လမ်းပေါ်က နမ့်ပေါ်တံတား ကင်းစခန်းတွေကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
သီပေါနဲ့ လားရှိုးကို ဆက်သွယ်ထားတဲ့ စဉ့်အင်တံတား ကင်းစခန်းကို သိမ်းပိုက်ချိန်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့အတူ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။