စဉ့်ကူး ညောင်ဝန်းရွာမှာ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကိစ္စ ဆွေးနွေး
2014.08.15

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ၊ ညောင်ဝန်းကျေးရွာက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်တဲ့တောင် သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ခဲ့တာကို ဒီကနေ့ ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေ ညောင်ဝန်းကျေးရွာမှာ ဖြေရှင်းခဲ့ရာမှာ ပြေ လည်မှုရရှိခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး ရဲမှူးနဲ့ ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ ညောင်ဝန်းရွာသား ကိုအောင်အောင်က အခုလို ပြောပါတယ်။
"ဘာအကြောင်းနဲ့ ဝင်စီးတာလဲ၊ ဒီရွာသူ၊ ရွာသား ကို အကြောင်းမဲ့ ဘာကြောင့်ပစ်ရတာလဲဆိုတာကို သိချင်လို့ လာတိုင်ကြားတဲ့အနေနဲ့ သူ့ဒဏ်ရာရ တာကို ဘယ်လိုမျိုး စောင့်ရှောက်ပေးမလဲ၊ အိမ်တွေပျက်စီးသွားတာကို ဘယ်လိုဆုံးဖြတ်ပေးမလဲ ဆိုတာကို လာတိုင်ကြားရတာပါ၊ သူတို့က အကုန်လုံးကိုတော့ ပြေလည်အောင်ဖြေရှင်းပေးမယ်၊ ဒါပေမဲ့ ဟိုဘက်ကလည်း တိုင်တယ်လေ၊ တိုင်သည့်အတွက်ကို အဲ့ဒါကို ပြေလည်ဖြေရှင်းပေးမှ အကုန်လုံး ညှိပေးမယ်လို့တော့ပြောတယ်"
စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက် ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၅ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဝရမ်းထုတ်ခဲ့ပြီး အဲဒီလယ်ယာမြေတွေမှာ စခန်းဖွင့် ထွန်ယက်နေတဲ့ တောင်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက မနေ့က သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို သေနတ်ပစ်ဖောက်ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး ညောင်ဝန်းကျေးရွာသူ အမျိုးသမီးတစ်ဦး ခြေထောက်မှာဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံမှာ တင်ထားရပါတယ်။
မန္တလေးတိုင်းဒေသကြီး ရဲမှူးက မနေ့က ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပံလှရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၁၉၇၂ ခုနှစ်က မန္တလေးနန်းတွင်း ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ၁၂၁ က စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာက လယ်မြေဧက ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ဂရိတ်ဝေါ ကုမ္ပဏီကို လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့ရာမှာ ဒီနှစ်မှာ ဒေသခံတောင်သူတွေက အဲဒီမြေတွေပေါ် ဝင်ရောက်စိုက်ပျိုးခဲ့လို့ နှစ်ဖက်ပဋိပက္ခဖြစ်ခဲ့တာပါ။
ညောင်ဝန်းရွာသား ကိုအောင်အောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။