သီတဂူဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံ စစ်ကိုင်းတောင်ရိုးမှာကျင်းပ
2016.01.22

Photo:Hmuu Zaw (facebook)
ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်ရိုးက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှာ ဒီနေ့ကနေ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
ညီလာခံဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး အီဂျစ်၊ ခရိုအေးရှား၊ ဘူတန်၊ ချီလီ၊ တောင်အာဖရိက၊ ဗီယက်နမ်၊ အိန္ဒိယ စတဲ့နိုင်ငံပေါင်း ၅ဝ ကျော်က လေ့လာသူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေ တက်ရောက်ကြပါတယ်။
မနေ့က အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းမှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဓါတ်တော်ကို တိဗက်သံဃာတော်တွေက ပင့်ဆောင်ခဲ့ပြီး မန္တလေးလေဆိပ်ကနေ တဆင့် စစ်ကိုင်းက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ၂ ရက်ကြာ သီတင်းသုံးမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဓါတ်တော်ကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မိတ္ထီလာ၊ အုတ်ဖို၊ တောင်ငူ စတဲ့မြို့ကြီးတွေမှာ လှည့်လည်ပူဇော်ခံသွားမယ်လို့ သိရပါတယ်။