သန္တိသုခကျောင်းတိုက် အင်အားသုံး သိမ်းယူမှု မသင့်လျော်ကြောင်း သီတဂူဆရာတော်မိန့်ကြား
2014.06.11

ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အားသုံးချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင်သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။
မနေ့ ညသန်းခေါင်အချိန်က ကျောင်းတိုက်ကို ရဲအင်အားနဲ့ဝိုင်းရံပြီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်တွေက ကျောင်းကိုသိမ်းယူ ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဆရာတော်က မိန့်ကြားခဲ့တာပါ။
"သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့ကထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်၊ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင်လှုံ့ဆော်တာ နောက် တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စ ဘုရားဟောပါဠိတော်ထဲမှာ မျက်မှောက် ရင်ဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အချိန် တိုက်တိုက် ဆိုင်ဆိုင် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်"
ဒါ့အပြင် သံဃာများ ရေစက်ချလှူဒါန်းထားတဲ့ ပစ္စည်းဥစ္စာကို အစိုးရက သိမ်းပိုင်ခွင့်မရှိသလို သံဃာ့မဟာနာယက အဖွဲ့ကလည်း သိမ်းပိုင်ခွင့်မရှိကြောင်း သံဃိတပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။
သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့အနေနဲ့ ခုလိုပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသင့်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော် ဦးပညာဝံသနဲ့ တပည့်တွေ ကို ကျောင်းတိုက်ကနေထွက်ပေးဖို့ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက် မနေ့ ညသန်းခေါင်မှာတော့ ကျောင်းတိုက်ကို အင်အားသုံး ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။
သီတဂူဆရာတော် အရှင်ဉာဏိဿရကို RFA ဝိုင်းတော်သူ မခင်ခင်အိ လျှောက်ထားမေးမြန်းထား တာကိုလည်း နားဆင်နိုင်ပါတယ်။