သီတဂူဆရာတော် နိုင်ငံရေးပါတီများကို ဖိတ်စာအသစ် ပြောင်းလဲပေးပို့
2011.06.12

အခု အသစ်ပေးပို့တဲ့ ဖိတ်စာမှာ အရင်ကလို နိုင်ငံရေးပါတီတွေရဲ့ နာမည် မတပ်တော့ဘဲ ပါတီခေါင်းဆောင် သို့မဟုတ် ပါတီ ကိုယ်စားပြုသူ တဦးဦိးရဲ့ နာမည်ကိုပဲ တပ်ပြီး ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားတာပါ။ ဖိတ်စာ လက်ခံ ရရှိထားတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုက …
“ဒီနေ့ပဲ ဖိတ်စာအသစ် ရပါတယ်။ အဲဒီအထဲမှာ ‘နိုင်ငံရေးပါတီများ’ ဆိုတဲ့ စကားလုံးလေးကို ဖျက်ထားတာပေါ့။ ဖယ်ထားလိုက်တာပေါ့။ ဖိတ်စာမပို့ခင်မှာ ဘယ်လိုပြောလဲဆိုတော့ … လူပုဂ္ဂိုလ်အနေနဲ့ ဖိတ်မယ်၊ ဖိတ်စာမှာ နာမည်တပ်ဖို့အတွက် ပါတီတွေကနေ နာမည်တခု ပေးပါဆိုတော့ ကျမတို့ ပါတီကတော့ ကျမတို့ ဥက္ကဋ္ဌ ဦးသုဝေ နာမည် ပေးလိုက်တယ်။ အခုဖိတ်စာလာတော့ ဦးသုဝေ ဆိုတဲ့နာမည်နဲ့ လာတယ်။ ဒါပေမယ့် ကျန်တဲ့ ပါတီဝင်တွေကတော့ ကြိုက်သလောက်လိုက်ခဲ့ပါ ဆိုပြီး နှုတ်နဲ့ ပြောပါတယ်။ ကျန်တဲ့ပါတီတွေကိုလည်း အဲဒီလိုပဲ ဖိတ်တယ်လို့ ကြားပါတယ်”
ဒါအပြင် အဲဒီ ဖိတ်စာနဲ့အတူ သီးသန့် စာရွက်တရွက်လည်း ပူးတွဲထားပြီး နိုင်ငံရေးပါတီများကို ဖိတ်ကြားရတာဟာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ပြောဆိုဖို့ ရည်ရွယ်တာ မဟုတ်ဘဲ သီတဂူ အဖွဲ့အစည်းရဲ့ သာသနာပြု လုပ်ငန်းတွေနဲ့ ရေစက်ချမယ့် ဗုဒ္ဓတက္ကသိုလ်နဲ့ ပတ်သက်တာတွေကို ရှင်းလင်း ပြောဆိုဖို့အတွက် ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲဒီ ဗုဒ္ဓတက္ကသိုလ် အဆောက်အဦးသစ် ရေစက်ချဖွင့်လှစ်ပွဲကို ဇွန်လ ၁၆ ရက်နေ့ကနေ စတင်ပြီး ၅ ရက်တိတိ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက ၁၈ ရက်နေ့မှာ တက်ရောက်ကြရမှာ ဖြစ်ပြီး အစိုးရပိုင်း နဲ့ နိုင်ငံတကာ သံတမန်တွေကိုလည်း ပထမပိုင်း နှစ်ရက်မှာ တက်ရောက်ကြဖို့ ဖိတ်ကြားထားပါတယ်။