WFP ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော်ငြင်းပယ်

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

2012.07.08
rakhine-unrest-one-month-b305 ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ခုနှစ် ဇွန်လ (၈) ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု တစ်လပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေနှင့် ကျန်မြို့နယ်များတွင် သာသနာ့အလံကို မြို့အနှံ့ စိုက်ထူထားကြစဉ်။
RFA

စစ်တွေမြို့ပေါ်က ဒုက္ခသည်ပေါင်း (၄၀၀) ကျော် ခိုလှုံနေတဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က မနေ့ညနေပိုင်းက ဆန်အကူအညီတွေ လာရောက်ပေးအပ်ရာမှာ ဆရာတော်က ငြင်းပယ်လိုက်တဲ့ အတွက် ကူညီရေး
ပစ္စည်းတွေ ရွှေစေတီကျောင်းကို ရောက်ရှိပြီးကာမှ  ပြန်လည် သယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

အခုလို ငြင်းပယ်လိုက်ရတာနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် အရှင်အရိယဝံသက RFA ကို အခုလို မိန့်ပါတယ်။

"ဘုန်းဘုန်းတို့ အခု ငြင်းဆိုတာကတော့ မျှတမှု မရှိတာ တခုရယ်၊ နောက် သေသေချာချာ ဒုက္ခသည်ကို စာရင်းစိစစ်မှု မရှိတာရယ်၊ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ပေးချင်ကမ်းချင်စိတ်တွေ မရှိပါဘူး သူတို့။ ဒါကြောင်း ဘုန်းဘုန်းတို့က သဘာ၀ မကျဘူးဆိုပြီးတော့
ငြင်းလိုက်တာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေတဲ့ အင်န်ဂျီအိုတွေဟာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အကူအညီတွေ လာရောက်ပေးနေကြတာ ဖြစ်ပေမယ့် ရခိုင်ပြည်နယ် အတွင်းမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေထက် ဘင်္ဂါလီ မွတ်စလင်တွေကိုပဲ အကူအညီ ပေးနေတာဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။    

လွန်ခဲ့တဲ့ ဇွန်လ (၃) ရက်နေ့ကလည်း မောင်တောမြို့မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းသည်ကို လာရောက်ပြီး အကူအညီတွေပေးခဲ့ကြတဲ့ အင်န်ဂျီအို တစ်ချို့ကို ကျောင်းထိုင် ဆရာတော်တွေက အလားတူ ငြင်းပယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။