စစ်တွေမြို့ခံ နှစ်ဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.10.25
စစ်တွေမြို့ခံ နှစ်ဆယ်ကျော် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် စစ်တွေမြို့တစ်နေရာကို တွေ့ရစဥ်။
RFA

 ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်က မြို့ခံ ၂၀ ကျော်ကို အောက်တိုဘာလ ၂၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ လောက်က စစ်ကားတွေနဲ့ မင်းဂံရပ်ကွက် အမှတ် ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉ တို့ကို ဝင်ရောက်ပြီး ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

“ည ၇ နာရီ ဝန်းကျင်လောက်မှာ မင်းဂံရပ်ကွက် အကွက် ၆ က ရဲစခန်းမှာ ကားရပ်ပြီးတော့ ဝင်ဖမ်းတာ၊ လမ်းသွားလမ်းလာတချို့ရော၊ အိမ်တွေကို ဧည့်စာရင်းနဲ့ မှတ်ပုံတင်စစ်ဆေးပြီး သူတို့ မသင်္ကာတဲ့သူတွေကို ဖမ်းသွားတာ၊ အမျိုးသမီးတွေရော ၂၀ ကျော်‌လောက် ဖမ်းသွားတယ်လို့ ကြားရတယ်”

ဖမ်းဆီးခံရသူတွေကို မင်းဂံရပ်ကွက် အမှတ် ၆ မှာရှိတဲ့ ရဲစခန်းကနေ အချုပ်ကားနဲ့ တင်ဆောင်သွားပေမဲ့ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်တွေမြို့ခံတွေကို မကြာခဏ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတချို့ရဲ့ မိသားစုဝင်တွေကို ငွေနဲ့ပြန်ရွေးခိုင်းပြီးမှ လွှတ်ပေးတာတွေရှိသလို တချို့လည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ ရွှေပြားရပ်ကွက်နဲ့ ကမ်းနားလမ်းတစ်ဝိုက်က ဒေသခံ ခုနစ်ဆယ်လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က ရောက်စီးနင်းပြီးနောက် လူတစ်ရာကျော် သတ်ဖြတ်ခံခဲ့ရသလို ရွာခံတွေလည်း ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ အဲဒီအထဲက အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာသား ၂၉၅ ဦးကို စစ်တွေထောင်တွင်းအထူးတရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) နဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။