စစ်တွေမှာ ညမထွက်ရ အမိန့် နောက်ထပ် ၂ လ သက်တမ်းတိုးမြှင့်
2014.07.12

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မနေ့ကစတင်ပြီး နောက်ထပ်သက်တမ်း ၂ လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။
"သူက ၂ လတစ်ကြိမ် ကြေညာနေရတာကိုး၊ သူကပုံမှန်ပဲ တိုးနေတာကိုး၊ သီးခြားထပ်ပြီးတော့ ထုတ်တာတော့ မဟုတ်ဘူးပေါ့၊ ထူးခြားရင်တော့ ထူးခြားသလို သူကကြေညာတာကိုး၊ အခြေအနေတွေ အကုန်လုံး အေးချမ်းသွားရင်တော့ ရုပ်ချင်လည်းရုပ် မှာပေါ့၊ တချို့နေရာတွေ သံတွဲဆိုရင် ပြန်ရုပ်ထား တာကိုး"
စစ်တွေမြို့နယ်ရဲ့ လက်ရှိအခြေအနေဟာ အများပြည်သူတွေရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေး ချမ်းသာယာရေးတွေကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားလာနိုင်တယ်လို့ ယုံကြည်ယူဆရတဲ့ အတွက် မနေ့ကစတင်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပုဒ်မ- ၁၄၄ ညမထွက်ရအမိန့်ကို စစ်တွေ မြို့နယ် အုပ်ချုပ်ရေးမှုးလက်မှတ်နဲ့ သက်တမ်းတိုးမြှင့် ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။
စစ်တွေမြို့နယ်အတွင်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာဟာ ပဋိပက္ခတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လကတည်းကဖြစ်ပြီး အခုအချိန်မှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
ဒီအတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ကျဆင်းခဲ့ရသလို အခြေခံလူတန်းစားတွေရဲ့ ဘဝတွေလည်း ဆိုးကျိုးုဖြစ်စေတဲ့အတွက် ပဋိပက္ခဖြစ်ပွားနိုင်ခြေမရှိတဲ့နေရာတွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကို ပြန်လည်ရုတ်သိမ်း သင့်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ AHRDO က ထုတ်ဝေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်က ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လကလို့ မြို့နယ်အတော်များများမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာမှာ မြို့နယ်အချို့ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီးဖြစ်ပေမယ့် စစ်တွေမြို့အပါအဝင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော် စတဲ့မြို့တွေမှာတော့ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။