ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ညီလာခံက ဆုံးဖြတ်ချက်တွေချမှတ်
2018.08.15

စစ်တွေမြို့မှာ ၄ ရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ညီလာခံကနေ ရခိုင်ပြည်နယ်အတွင်းမှာ ထုတ်လုပ်တဲ့ စိုက်ပျိုးသီးနှံတွေကို အစိုးရထံမှာ အာမခံထားရှိနိုင်တဲ့စနစ် အပါအဝင် ရေရှည်စီမံချက် ၁၃ ချက်ကို အကောင်အထည်ဖော်ဖို့ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
တောင်သူလယ်သမားသမဂ္ဂ ညီလာခံကနေ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ညီလာခံဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်ဇံက အခုလိုပြောပါတယ်။
"ဖက်ဒရယ်မူကို အခြေခံပြီးတော့ မျှော်လင့်ချက်တွေနဲ့ ကျနော်တို့ရေထားတဲ့အချက်တွေကတော့ လယ်ယာ ထုတ်ကုန်တွေကို အာမခံတဲ့စနစ်၊ သိုလှောင်ရုံတွေမှာ အပ်နှံတဲ့စနစ်၊ အသီးအနှံအပေါင်ထားတဲ့စနစ်၊ မိုးလေဝသ အာမခံတဲ့စနစ် အဲဒီစနစ်တွေကို သမ္မတကြီးနဲ့ သက်ဆိုင်ရာအစိုးရတို့ကို တင်ပြပြီးတော့ တည်ဆောက်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အစီအစဉ်လေးရှိပါတယ်"
ရှေရည်စီမံချက်တွေထဲမှာ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ တောင်သူတွေရဲ့ မြေယာ ပိုင်ဆိုင်ခွင့်တွေကို ဆောင်ရွက်ဖို့၊ အကြောင်းတစ်စုံတရာကြောင့် လက်လွတ်ဆုံးရှုံးခဲ့ကြရတဲ့ မြေယာတွေကို အစားထိုးရယူနိုင်အောင် ဆောင်ရွက်ဖို့၊ လယ်ယာထုတ်ကုန်တွေကို သင့်တင့်မျှတတဲ့ ဈေးကွက်အာမခံချက်ရရှိဖို့နဲ့ ပြည်ပဈေးကွက်တွေအထိ တင်ပို့နိုင်အောင်ဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရုံးကို မကြာခင် စစ်တွေမြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး တရားဝင်မှတ်ပုံရရှိရေး ဆောင်ရွက်သွားမှာဖြစ်သလို တောင်သူတွေအတွက် စိုက်ပျိုးမွေးမြူရေးပညာပေး ဂျာနယ်တစ်စောင်ကိုပါ ထုတ်ဝေသွားဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂညီလာခံကို သြဂုတ်လ ၁၂ ရက်နေ့ကစတင်ကာ စစ်တွေမြို့ မှာ ၄ ရက်ကြာ ကျင်းပခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်က တောင်သူကိုယ်စားလှယ်တွေနဲ့ စိုက်ပျိုး မွေးမြူရေးကျွမ်းကျင်သူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။