တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် စစ်တွေမှာဆန္ဒပြ

နီမင်းထွန်း၊ နန္ဒာချမ်း
2020.10.19

ဆန္ဒပြပွဲကို ရခိုင်ပြည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဦးဆောင်ပြီးတော့ နေ့ခင်း ၁ နာရီလောက်မှာ စစ်တွေမြို့ လမ်းမတွေအတိုင်း အလံကိုင် ချီတက်ခဲ့ကြတာပါ။ ဆန္ဒပြသူအင်အားကတော့ ၅ဝ နဲ့ ၁ဝဝ ကြားမှာရှိမယ်လို့ ခန့်မှန်းရပါတယ်။ အဓိကကတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတာကြောင့် ရခိုင်ပြည်နယ်ကနေ အစိုးရနဲ့ တပ်မတော် ထွက်သွားဖို့ တောင်းဆိုခဲ့ကြတာပါ။ ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စစ်တွေအခြေစိုက် RFA သတင်းထောက် ကိုနီမင်းထွန်းကို ကျမ မေးကြည့်တော့

နီမင်းထွန်း - “ဆန္ဒပြပွဲကို စစ်တွေမြို့ ဝင်္ကပါကွင်းကနေပြီးတော့ ကျောင်းသားတွေ ဦးဆောင်ပြီးတော့ စစ်တွေမြို့က လမ်းတွေမှာ လမ်းလျှောက်ပြီးတော့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို ဆန္ဒပြ တောင်းဆိုနေစဉ်အတွင်းမှာပဲ ရဲအင်အား ၂ဝ လောက်က ကားတွေနဲ့ ဝင်ရောက်ပြီးတော့ အကြမ်းဖက် ဖမ်းဆီးသွားပါတယ်ခင်ဗျ။”

လေးယောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ သူတို့တွေကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဋ္ဌေး၊ တွဲဘက် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ အဖွဲ့ဝင် ကိုမြတ်စိုးဝင်းနဲ့ ဆန္ဒပြပွဲကိုဝန်းရံသူ ကိုကောင်းထွန်းတို့ ဖြစ်ပါတယ်။ ဖမ်းဆီးမခံရခင် ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်နိုင်ဋ္ဌေးက

“ကျနော်တို့ကို ၂ဝ၂ဝ၊ ၉ လပိုင်း၊ ၉ ရက်နေ့မှာပေ့ါနော် ကျနော်တို့ ကျောင်းသားခေါင်းဆောင် သုံးယောက် ဦးဆောင်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်။ ဒီအပေါ်မှာ အစိုးရကနေပြီးတော့ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ၊ လိုက်လျောမှုမရှိဘဲ ကျနော်တို့ကျောင်းသူ၊ ကျောင်းသားတွေကို ထပ်မံ ဖမ်းဆီးနေတယ်။ ပြင်းထန်တဲ့ပုဒ်မတွေနဲ့ တပ်ပြီး တရားစွဲနေတယ်ပေါ့နော်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ ရခိုင်ပြည်မှာ လက်ရှိ စစ်ရေးကလည်း ပိုပြီး ပြင်းထန်လာတယ်။ ပြည်သူတွေ ပိုပြီးတော့ နစ်နာတာပေ့ါနော်။ အဲဒီအချိန်မှာ ကျနော်တို့ကနေ ရခိုင်ပြည်သူတွေအတွက် ကိုယ်စားပြုပြီးတော့ ကျနော်တို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။”

ဆန္ဒပြပွဲကို ဦးဆောင်သူ နောက်တစ်ဦးဖြစ်တဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုဦးသန်းနိုင်ကလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရနေတဲ့အတွက် ဆန္ဒပြတာလို့ ပြောပါတယ်။

“ပြည်သူတွေက ထပ်ပြီးတော့ သေနေတယ်။ နေ့စဉ်နဲ့အမျှ သေနေတယ်။ လက်နက်ကြီးကျလို့ သေနေတယ်။ ဒါတွေ ထပ်ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ အခုလို ဆန္ဒပြရတာဖြစ်တယ်။”

အခုလက်ရှိမှာ ဆန္ဒပြသူတွေကို ဘယ်မှာထိန်းသိမ်းထားသလဲဆိုတာနဲ့ စစ်တွေမြို့ရဲ့ လုံခြုံရေးအခြေအနေတွေ ကို RFA သတင်းထောက် ကိုနီမင်းထွန်း က ဆက်ပြောပြပါတယ်။

နီမင်းထွန်း - “အခုလက်ရှိတော့ ဖမ်းဆီးခံရတဲ့ ကျောင်းသား သုံးဦးနဲ့ ဝန်းရံသူ တစ်ဦးကို စစ်တွေမြို့ မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သူတို့ထိန်းသိမ်းထားတဲ့ မြို့မရဲစခန်း ပတ်ပတ်လည်ကိုလည်း ရဲအင်အား အများအပြား ချထားတာတွေ့ရပါတယ်။ အခု လက်ရှိ ဒီစစ်တွေမြို့ လမ်းမကြီးကိုလည်း အဲဒီအနီးတဝိုက်ကို သံဇကာတွေနဲ့ ပိတ်ထားပြီးတော့ အဲဒီနားတဝိုက်ကို လူတွေ သွားလာခွင့် မပေးပါဘူး။”

RFA က စုစောင်းထားတဲ့ အချက်အလက်တွေအရ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲတွေအတွင်း ၂ဝ၁၈ ဒီဇင်ဘာကနေ ဒီနေ့အထိ အရပ်သား သေဆုံးသူ ၃ဝ၁ ရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၆၆၈ ယောက် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။