မွတ်စလင် အသုံးအနှုန်းပြောင်းဖို့ ဒုသမ္မတကို စစ်တွေမှာ တောင်းဆို
2016.07.16

အစိုးရရဲ့ "ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းဟာ အခြေအနေတွေကို ရှုပ်ထွေးစေတဲ့အတွက် ပြောင်းလဲသုံးနှုန်းဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်တွေမြို့က ရပ်မိရပ်ဖတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ စစ်တွေမြို့က ရပ်မိရပ်ဖတွေ ပြည်နယ်အစိုးရ ဧည့်ဂေဟာမှာ သီးသန့်တွေ့ဆုံရာမှာ တောင်းဆို လိုက်တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဦးသန်းထွန်းက ပြောပါ တယ်။
"၁၉၈၂ နိုင်ငံသားဥပဒေကို အတိအကျဆောင်ရွက်ဖို့ ဘင်္ဂါလီတွေကို နိုင်ငံသားပေးချင်ဇောနဲ့ ပေးလို့ ရအောင် ဥပဒေကို လိုသလိုမပြုလုပ်ဖို့၊ နောက်တစ်ချက် ကတော့ "ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်း အဝိုင်း"ဆိုတဲ့ အသုံးအနှုန်းဟာ ပြောစရာတွေဖြစ်လာတဲ့အတွက်ကြောင့် ဘင်္ဂါလီကို ဘင်္ဂါလီလို့ပဲ သုံးပါ စသည်ဖြင့် ကျနော်တို့ဘက်ကနေ တင်ပြပါတယ်၊ ကျနော်တို့ နိုင်ငံတော် ဒုတိယသမ္မတကို တင်ပြလိုက်တဲ့ ကိစ္စမှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို သိစေချင်တဲ့၊ နိုင်ငံတော် သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုပါ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောတာဖြစ်ပါတယ်"
ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ဒေသခံတိုင်းရင်းသား ကိုယ်စား လှယ်တွေ ပါဝင်ခွင့်ရရေးအပြင် မွတ်စလင်တွေရဲ့ ကလေးမွေးဖွားနှုန်းကိုပါ ထိန်းချုပ်ပေးဖို့ကိုလည်း တင်ပြခဲ့ကြ တယ်လို့ ဦးသန်းထွန်း က ပြောပါတယ်။
နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ အဲဒီအချက်အလက်တွေကို စာနဲ့ရေးသားတင်ပြကြ ဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ မကြာသေးခင်က ရေဘေးကြုံခဲ့ရတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေကို မနေ့က သွားရောက်ခဲ့သလို စစ်တွေမြို့က ရခိုင်နဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ အမ်းနဲ့ သံတွဲမြို့တွေမှာ ရေဘေးဒဏ်ခံနေရသူတွေကို စားနပ်ရိက္ခာတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။