စစ်တွေမှာ မုန်တိုင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

RFA Burmese
2023.05.16
စစ်တွေမှာ မုန်တိုင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မိုခါမုန်တိုင်းတိုက်ခတ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတုန်း အုတ်နံရံပြိုကျကာ စစ်ကောင်စီတပ်က အရာရှိတစ်ဦးနဲ့ တပ်သားအဆင့်နှစ်ဦး သေဆုံးခဲ့ တယ်လို့ စစ်ကောင်စီက မေလ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မိုခါမုန်တိုင်း စစ်တွေမြို့ကို ဝင်ရောက်တိုက်ခတ်တဲ့ မေလ ၁၄ ရက်နေ့မှာ ကူညီ ကယ်ဆယ်ရေးလုပ်နေတုန်း အုတ်နံရံ ပိပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ သုံးဦးဟာ စစ်တွေနယ်မြေခံတပ်က ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံရတဲ့ စစ်တွေမြို့နယ်မှာ အပျက်အစီးတွေကြောင့် မေလ ၁၆ ရက် ဒီနေ့အထိ ဒေသတချို့ ပိတ်မိနေဆဲဖြစ်သလို သေဆုံးထိခိုက်မှု အများအပြားရှိနိုင် တယ်လို့ ကူညီကယ်ဆယ် ရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။

မြေပြင်မှာ အချက်အလက်စုဆောင်းနေသူတွေနဲ့ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး အဖွဲ့ကတော့ စစ်တွေမြို့တစ်ခုတည်းမှာတင် ရိုဟင်ဂျာဒုက္ခသည် လေးရာနီးပါးသေဆုံးမှု ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

RFA က ရရှိထားတဲ့ စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်း မှာ မိုခါ မုန်တိုင်း ကြောင့် မေလ ၁၅ ရက်အထိ သေဆုံးသူ ၃၀ ဦး ရှိနေပါပြီ။

အဲဒီအထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေမပါဝင်သေးပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ အတိအကျ သိနိုင်ဖို့ RFA က ကြိုးစားနေပါတယ်။

စစ်ကောင်စီကတော့ ရသေ့တောင်မြို့နယ်အပါအဝင် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ သံတွဲမြို့နယ်၊ တောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မြေပုံမြို့နယ် စတဲ့ ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ် ကျရောက်တဲ့ ဒေသအဖြစ် မေလ ၁၅ ရက်မှာ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။