စစ်တွေ တက္ကသိုလ် ကျောင်းသား ဆန္ဒပြ
2011.08.03

arakanreview
ကျောင်းကားခက အရင်က အသွား ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ် ဖြစ်ပြီး၊ မနေ့က စလို့ အသွား ၂၀၀ ကျပ် အပြန် ၂၀၀ ကျပ် တိုးယူတဲ့အတွက် မနေ့ကတည်းက ကျောင်းသားတွေ မကျေမနပ် ဖြစ်နေကြတာပါ။
ဒါကြောင့် ဒီနေ့ နေ့လည်မှာတော့ ကျောင်းကနေ ပြည်နယ်လွှတ်တော် အဆောက်အအုံ ရှိရာကို လမ်းလျှောက် ချီတက် ကြပြီး ကျောင်းကားခ တက်တာကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖေါ် ပြသ ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးအောင်မြကျော်က အခုလို ပြောပါတယ်။
“၁၂ နာရီ ၁ နာရီလောက်ကနေ ကျောင်းသား ကျောင်းသူ အယောက် ၃၀၀ လောက် တန်းစီပြီးတော့ ကျောင်းကနေ မြို့ထဲ လွှတ်တော်ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြတာပေါ့။ မနေ့ကတော့ ကျောင်းဝင်းထဲမှာပဲ ဖြစ်ကြတာပေါ့။ အဲဒီ အငှားကားသမားတွေနဲ့ ကျောင်းသာတွေ ဆရာ ဆရာမတွေနဲ့ ပြဿနာ တက်ကြတာပေါ့”
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျောင်းသား ၁၀ ယောက်လောက်နဲ့ ဆရာ၊ ဆရာမတွေ အစည်းအဝေး ထိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ကြ ပေမယ့်လည်း ပြေလည်မယ့် အဖြေ တစ်စုံတစ်ရာ မထွက် လာသေးဘူးလို့ သိရပါတယ်။
ဆန္ဒပြ ကျောင်းသားတွေ ကတော့ နေ့လည်ပိုင်း ချီတက်အပြီးမှာ အေးအေးချမ်းချမ်း လူစုခွဲလိုက်ကြ တယ်လို့ သိရပါတယ်။