စစ်တွေမြို့မှာ ဖမ်းဆီးခံရတဲ့ ဒေသခံ နှစ်ရာခန့် ပြန်မလွတ်သေး
2024.06.17
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်အတွင်းက အမျိုးသားနှစ်ရာခန့်ကို ဇွန်လ ၁၅ ရက်နေ့ ညကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ ဒီနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခဲ့ရသူတွေဟာ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်နဲ့ အုန်းရေဖော် စတဲ့ရွာတွေကနေ စစ်ကောင်စီရဲ့ မြို့ပေါ်ကို အတင်းအကျပ်ပြောင်းရွှေ့ခိုင်းမှုကြောင့် ပြောင်းရွှေ့လာတဲ့ မိသားစုတွေထဲက အမျိုးသားတွေကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးခဲ့လဲဆိုတာကို မိသားစုဝင်တွေအနေနဲ့ တိတိကျကျ မသိရသလို မေးလည်းမမေးရဲဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အင်အား အလုံးအရင်းနဲ့ ဝင်လာပြီး အိမ်ထောင်စုစာရင်းတွေ ပြခိုင်းတယ်။ အိမ်ထောင်စုစာရင်းထဲက မိသားစုဝင်အကုန်လုံးရှိနေရင်လည်း ယောကျာ်းတွေ အကုန်လုံး ကားပေါ်တက်ဆိုပြီး ဖမ်းခေါ်သွားတာပဲ။ မိသားစုဝင်တွေနဲ့ အခုချိန်အထိ အဆက်သွယ် လုံးဝကို မရသေးဘူး။ ဘာကြောင့်ဖမ်းတယ်ဆိုတာကို မိသားစုဝင်တွေရော ဘယ်သူမှ မမေးရဲဘူး ကြောက်နေရတဲ့ အနေထားပေါ့“
အဲဒီဒေသခံတွေကို စစ်တွေတပ်နယ်ထဲကို ဖမ်းခေါ်သွားပြီး စစ်ကြောရေးလုပ်နေတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တွေမြို့နယ်အတွင်း ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်နဲ့ အုန်းရေဖော် စတဲ့ရွာတွေ အပါအဝင် ရွာပေါင်းဆယ်ရွာကျော်က ဒေသခံတွေကို ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားတာပါ။
မေလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းပြီးနောက် ဒေသခံ ၇၆ ဦး သတ်ဖြတ်ခံခဲ့ရသလို ကျန်တဲ့ ဒေသခံတွေကိုလည်း မြို့ပေါ်ကို အတင်အကျပ် ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။