စစ်တွေ ဒါးပိုင်မွတ်စလင် ဒုက္ခသည်စခန်း ပဋိပက္ခ တစ်ဦးသေဆုံး
2014.08.07

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင်မွတ်စလင် ဒုက္ခသည်စခန်းမှာ မနေ့က လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ဒုက္ခသည်မွတ်စလင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲကသေနတ်နဲ့ ပစ်ခတ်တာကြောင့် မွတ်စလင်တစ်ဦး ဦးခေါင်းမှာကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
မနေ့က ညနေ ၆ နာရီလောက်မှာ ဒါးပိုင်ကျေးရွာက မွတ်ဆလင်လူငယ်နှစ်ဦးဟာ ဒါးပိုင်ဒုက္ခသည် စခန်းကို ဈေးဝယ်သွားရာမှာ ပစ္စည်းခိုးဝှက်ကြောင်း ဒုက္ခသည်စခန်းက မွတ်ဆလင်တွေက စွပ်စွဲပြီး ကြိုးနဲ့တုပ်နှောင်ဖမ်းဆီးထားစဉ် အဲဒီအနီးမှာရှိတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဖြေရှင်းပေးဖို့ ကြိုးစား ရာ ပဋိပက္ခတွေဖြစ်ပွားခဲ့တာလို့ ဒေသခံရဲအရာရှိတွေ ကပြောပါတယ်။
ရာနဲ့ချီတဲ့မွတ်စလင်တွေက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ကို လေးဂွ၊ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီး ရန်ပြု တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ် ၅ ချက်ပစ်ဖောက် ပြီး ခြောက်လှန့်ခဲ့ရသလို ကြိုးနဲ့တုပ်နှောင် ဖမ်းဆီးခံရသူ ၂ ဦးနဲ့ တခြားမွတ်စလင် ၃ ဦးကို ရဲက ကားပေါ် တင်ဆောင်ဖို့ ခေါ်ဆောင်ရာမှာလည်း မွတ်စလင်တွေက ထပ်မံရန်ပြုခဲ့တဲ့ အတွက် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်တွေနဲ့ နောက်ထပ် ၄ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်းလည်းသိရပါတယ်။
စစ်တွေမြို့ ခရိုင်ရဲအရာရှိတွေက အဲ့ဒီဖြစ်ရပ်ဟာ မတော်တဆဖြစ်ခဲ့ရတာဆိုပြီး မွတ်စလင် ခေါင်းဆောင်တွေနဲ့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို ဒီကနေ့ သွားရောက်ဖြေရှင်းပေးခဲ့တယ်လို့လည်း မွတ်စလင်ခေါင်းဆောင်တွေ က ပြောပါတယ်။
မနေ့ကအခင်းဖြစ်ပွားမှုကြောင့် မွတ်စလင် ၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထား ကြောင်းလည်း သိရှိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒါးပိုင်ကျေးရွာက မွတ်စလင်ခေါင်းဆောင် အာမိန်ရှော်ရိ (ပ်) ခေါ် ဦးသန်းနိုင် ကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။