မင်းပြားမှာ တိုက်ပွဲကြောင့် သေဆုံးသူ ခြောက်ဦးထိရှိလာ
2019.06.04

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်းကြီးကျောင်းဝန်းအတွင်း မနေ့က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ ၆ ဦးရှိသွားပြီဖြစ်ပါတယ်။
စပါးထားကျေးရွာ သားတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်း မနေ့က လက်နက်ကြီး ကျရောက်ပေါက် ကွဲခဲ့တာကြောင့် ရွာသား ၄ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိခဲ့ပါတယ်။
အဲဒီ ဒဏ်ရာရသူတွေထဲက နှစ်ဦးဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန်အတွင်း ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၆ ဦး ရှိသွားပြီဖြစ်ကြောင်း စပါးထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇင်အောင်က RFA ကို ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဒီကနေ့မွန်းလွဲပိုင်း မင်းပြားမြို့သုဿာန်မှာ သြင်္ဂိုဟ်ခဲ့ကြပြီး ဒဏ်ရာရရှိထားသူ ၇ ယောက်လောက်ကို မင်းပြားဆေးရုံကတဆင့် စစ်တွေဆေးရုံကို ပို့ဆောင်ထားရတယ်လို့ စပါးထားအုပ်ချုပ်ရေးမှူးကပြောပါတယ်။
သေဆုံးသွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး စပါးထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇင်အောင်က အခုလို ပြောပါတယ်။
"မနေ့ကတော့ တစ်ရက်လုံးဖြစ်နေတယ်၊ ဆေးရုံမှာသေတာ နှစ်ယာက်၊ ရွာမှာတစ်ခါတည်းသေတာ လေးယောက်ဆိုတော့ ခြောက်ယောက်ဖြစ်သွားတယ်၊ မင်းပြာဆေးရုံမှာ ဆေးရုံရောက်ပြီးမှ မိန်းမ ၁ ယောက် ယောက်ကျား ၁ ယောက်သေတယ်၊ ဒီနေ့ ၁ နာရီခွဲလောက်မှာသြင်္ဂိုဟ်တာ၊ ဒဏ်ရာရသူက လေးငါးခြောက်ဦး ခုနှစ်ဦးဖြစ်တယ်ထင်တယ်၊ စစ်တွေကို ခြောက်ဦးသွားတယ်လို့ပြောတယ်၊ ကျွန်တော်လည်း သူတို့ကိုမမီလိုက် ဘူး၊ မင်းပြားဆေးရုံမှာတော့ ဒဏ်ရာရသူတစ်ယောက်ပဲရှိတယ်၊ လက်နက်ကြီးကျတယ်ဆိုတာက ကျွန်တော်တို့ က ဘယ်ဘက်ကပစ်တယ်ဆိုတာတော့မသိဘူး၊ ကျွန်တော်တို့ကတော့ဒီ ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ မြောင်းဘွေဆိုတဲ့ရွာရှိတယ် အဲဘက်ကနေ လက်နက်ကြီးလာတာ အသံကတော့ အဲလိုပဲ၊ ဒီနေ့တော့ ရွာအခြေအနေကို ကျွန်တော်တို့မသိဘူး၊ ကျွန်တော်တို့တစ်ရွာလုံးက လူပေါင်း ၇ ရာကျော် ၈ ရာလောက်က မင်းပြားတို့ ဘာတို့ရွာတွေမှာရောက်နေကြတာ ကျွန်တော်တို့ရွာမှာ တစ်ယောက်မှမရှိဘူး။"
ဒီနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့အသံတွေ မကြားရတော့ဘူးလို့ ဦးမျိုးဇင်အောင် ကဆိုပါတယ်။
မင်းပြားမြို့နယ် ရွှေတမာရွာနဲ့ စပါးထားကျေးရွာနားမှာ ဇွန်လ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ နေ့လည် ၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ဒေသခံရွာသားတွေ ခိုလှုံနေတဲ့ မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်ကြီးကျောင်းထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုဟာ AA ဘက်ကပစ်တာမဟုတ်ပဲ တပ်မတော်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရခိုင့်တပ်မတော်(AA) ပြောရေးဆိုခွင့်သူ ခိုင်သုခက စွပ်စွဲလိုက်ပါတယ်။
"ဗမာစစ်တပ်ဘက်က ပစ်တာသေချာတယ်လို့ ကျွန်တော်တို့ ဘာလို့ပြောနိုင်သလဲဆိုတော့ ဗမာစစ်တပ်ဘက် ကနေ အဲဒီတိုက်ပွဲဖြစ်တဲ့ချောင်းတစ်ဖက်ကမ်းက လေးမြို့မြစ်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြောင်းဘွေဘက်ကမ်း ကနေပြီးတော့မှ သူတို့လက်နက်ကြီးတွေတည်ပြီးတော့ ဒီဖက်ချောင်းတစ်ဖက်ကမ်းကို လှမ်းပစ်နေတာဆိုတော့ အဲဒီမှာ အဲလက်နက်ကြီးကျည်က သူတို့အဲလိုမျိုးရမ်းသမ်းပစ်တဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးကျောင်းတည့်တည့် မှာထိတာ၊ တကယ်ပြောမယ်ဆိုလို့ရှိရင် သူတို့ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ပစ်တာဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီ ဘုန်းကြီးကျောင်းထဲမှာ အရပ်သားပြည်သူတွေအများကြီး ခိုလှုံနေတာကို ဗမာစစ်တပ်သိတာပဲ၊ အဲတာသိသိကြီးနဲ့ ပဲ သူတို့ဘက်က ဒါပစ်တာကတော့ ဒါရည်ရွယ်ချက်ရှိရှိနဲ့ပစ်တယ်လို့ ပြောလို့ရတာပေါ့။"
ဒါပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ တစ်ဖက်သက်စွပ်စွဲမှု သာဖြစ်တယ်လို့ ပြန်လည်ငြင်းဆိုထားပါတယ်။
"အဲတာကတော့ ကျွန်တော်တို့လည်း သတင်းခဏခဏထုတ်ပြန်ပြီးသားပဲ၊ ရွာနားအနီးမှာ တိုက်ပွဲနဲ့ပတ်သက် ပြီးတော့မှ စည်းရုံးမှုတွေ ပညာပေးမှုတွေ ကျွန်တော်တို့လည်း သတင်းထုတ်ပြန်တဲ့အထဲမှာလည်း အစော ကတည်းက မလုပ်ဖို့၊ ပြည်သူလူထုနစ်နာတယ်ဆိုတဲ့အကြောင်းတွေ ဆောက်ရွက်လျက်ရှိတယ်၊ အဲဒီစပါးထား မှာဖြစ်တဲ့ဟာကတော့ ရွာနားလေးမှာဖြစ်တယ်လု့ိသိရတယ် မနေ့ကတော့လေ၊ အဲမှာတော့ တစ်ဖက်သက်ပဲ စွပ်စွဲဖို့တော့ ခဲယဉ်းပါတယ်၊ ဘယ်သူ့လက်နက်ကြီးလဲဆိုတာ၊ ဟိုဘက်ကလည်းသုံးတာပဲ ဒီဘက်ကလည်း သုံးတာပဲ ၊ ဒါတော့ ကျွန်တော်ပြောချင်တာကတော့ ဘယ်သူ့ဘက်ရယ်ဆိုတာ တစ်ဖက်သက်စွပ်စွဲတယ် လို့ပဲမြင်ပါတယ်။"
ဇွန်လ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ၂ ရက်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ရခိုင့်တပ်တော် AA ဘက်က ၃ ယောက်ကျဆုံးပြီး ၅ ယောက်ဒဏ်ရာရရှိတယ်လို့ ရခိုင်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခက RFA ကိုပြောဆိုထားပါတယ်။
ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က ကျဆုံးမှုအခြေအနေနဲ့ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ ခဲ့တဲ့အကြောင်းကို ရခိုင့်တပ်မတော် AA ရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းဖော်ပြထားပေ့မယ့် တပ်မတော်ဘက်ကတော့ ထိခိုက်ကျဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ဆင်ရေးကာလပြီးမှသာ မှတ်တမ်းအနေနဲ့ ထုတ်ပြန်ပေးမှာဖြစ်ပြီး စစ်ဆင်ရေး မပြီးခင်မှာတော့ စာရင်းအတိအကျနဲ့ ထုတ်ပြန်လေ့မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးတဲ့စာရင်းကို တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို နှစ်ဘက်သေဆုံးတဲ့စာရင်းကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူးခင်ဗျာ။
အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီကနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေအတွင်း အရပ်သား ၅၄ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိပြီဖြစ်ပါတယ်။