သမ္မတနဲ့ တိုင်းရင်သား လက်နက် ကိုင် ခေါင်းဆောင်တွေ ရှေ့လ ၉ ရက်နေ့ တွေ့မည်
2015.08.27

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ဖွဲ့က ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လာမယ့် စက်တင်ဘာလ ၉ရက်နေ့ နေပြည်တော် မှာ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အခါ အဖွဲ့ ဘယ်နှစ်ဖွဲ့ပါဝင်မလဲဆိုတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မစတင်ခင်ကြားကာလအစီအစဉ်တွေကို ဆွေးနွေးကြမယ် လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"အဓိကကတော့ NCA လက်မှတ်ရေးထိုးရေးပါ၊ ပါဝင်နိုင်သလောက်ကို ပါဝင်နိုင်ဖို့ ညှိနှိုင်းမယ့်အချက်တစ်ခုအနေ နဲ့ ဆွေးနွေးမယ်လို့ ကျနော်တို့သိထားတယ်၊ တကယ်လို့ အားလုံးမပါဝင်နိုင်ခဲ့ရင် မပါဝင်နိုင်သေးတဲ့အဖွဲ့တွေ အပေါ်မှာ အာမခံချက် တစ်စုံတရာပေးနိုင်ဖို့လည်း နိုင်ငံတော်သမ္မတနဲ့ တွေ့တဲ့အခါမှာ သူတို့အနေနဲ့ ပြောဖို့ ရှိတယ်လို့ပြောပါတယ်"
ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း လာမယ့် စက်တင်ဘာလအတွင်းမှာပဲ စီစဉ်နိုင်ဖို့အတွက် အစိုးရက ကြိုးစားနေတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပွဲကို KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ၊ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေထင်၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ အေဘယ်လ်တွီ၊ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က နော်စီဖိုးရာစိန်၊ ပူးဇင်ကျုံးနဲ့ ဒေါက်တာလဂျာ စုစုပေါင်း ခေါင်းဆောင် ၈ဦး တက်ရောက်မှာဖြစ်ပါတယ်။
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၀ ဖွဲ့ ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။
ဦးလှမောင်ရွှေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။