မန္တလေး တောင်သာမှာ မိသားစုဝင် ခြောက်ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း တောင်သာမြို့နယ် ခြုံကြီးကျေးရွာမှာ နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက်က လူငယ်တစ်ဦးဖြစ်တဲ့ ကိုဝေဖြိုးကို ဖမ်းဆီးဖို့ စစ်တပ်နဲ့ရဲက နေအိမ်ကိုလာရောက်ပြီးနောက် ရှာမတွေ့တဲ့အတွက် သူ့ရဲ့ မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်က အိမ်ကိုလာရောက်ဖမ်းဆီးဖို့ ကြိုးစားရာမှာ ကိုဝေဖြိုးကို မတွေ့တဲ့အတွက် သူ့ရဲ့ မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။
“ကိုဝေဖြိုးကို လာဖမ်းတာ။ ဖမ်းရတဲ့အကြောင်းက သူ့ကိုရွာမှာ မတွေ့တာကြာနေလို့တဲ့။ ဒလန်က သတင်း ပေးလို့ပေါ့။ တကယ်တော့ ကိုဝေဖြိုးက ရန်ကုန်မှာ အလုပ်လုပ်နေတာပါ။ အဲဒါကို လာဖမ်းတာ ။ သူမတွေ့ တော့ မိသားစုဝင်အားလုံး ကိုဖမ်းသွားတာ။ အဲဒါအပြင် အိမ်က ပစ္စည်းတွေပါ သယ်သွားကြတယ်။ ဘယ် ခေါ်သွားလဲတော့ မသိဘူး”
ကိုဝေဖြိုးကို ဘာကြောင့် ဖမ်းဆီးဖို့ကြိုးစားတယ်ဆိုတာကိုတော့ RFA အနေနဲ့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။
ခြုံကြီးရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သားဖြစ်သူကို မတွေ့လို့ ဖခင်နဲ့ အစ်ကိုဖြစ်သူကို ရဲက ဖမ်းဆီးသွာတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခြုံကြီးရွာဟာ တောင်သာမြို့နဲ့ ခြောက်မိုင်ခန့်ဝေးပြီး စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ကျေးရွာတစ်ခုဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။