အမ်းမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးသူငယ် လေးဦးအပါအဝင် ခြောက်ဦးဒဏ်ရာရ


2020.11.11

ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ မနေ့ညနေက ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေး လေးဦးအပါအဝင် ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ မနေ့ည ၆ နာရီကျော်လောက်က ရွာထဲကို လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အဲဒီလက်နက်ကြီးကြောင့် အသက် ၃၀ ဝန်းကျင်အရွယ် ဒေါ်တင်မေနှင်း၊ သူ့ရဲ့သားဖြစ်သူ အသက် ၁၀ ခန့် အရွယ် မောင်လင်းလင်းချေ၊ သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် မတိုးတိုး နဲ့ ရွာထဲက အသက် ၁၃ နှစ်အရွယ် မောင်လှမင်းကို၊ အသက် ၉ နှစ်ခန့်အရွယ် မောင်နေလင်းစိုးနဲ့ အသက် ၅၄ နှစ်အရွယ် ဦးခင်မောင်တို့ အပြင်းအထန် ဒဏ်ရာရရှိသွားကြပါတယ်။

မနေ့က မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းက ကားလမ်းမကြီးအတိုင်း အမ်းမြို့ဘက်ကို သွားရောက်စဉ်မှာပဲ ပစ်ခတ်သံတွေထွက်ပေါ်လာလို့ ရွာသားအားလုံးဟာ ဘုန်းတော်ကြီးကျောင်းမှာ စုရုံးခိုလှုံနေခဲ့ကြရတယ်လို့ ရွာသားတွေကပြောပါတယ်။

နေ့လယ်ဘက်နဲ့ ညနေဘက်တွေမှာ ပစ်ခတ်သံတွေ မကြားရတော့လို့ ချက်ပြုတ်စားသောက်ဖို့အတွက် ဘုန်းကြီးကျောင်းကနေ ရွာထဲကိုပြန်ဝင်ကြရာမှာ လက်နက်ကြီးက ရွာထဲကိုကျရောက်လာခဲ့တာလို့ ဒဏ်ရာရသူ ဒေါ်တင်မေနှင်းရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးကျော်မြင့်က ပြောပါတယ်။

“မနက်ပိုင်းမှာ တပ်မတော်သားတွေက သူတို့သွားရာလမ်းတစ်လျှောက်မှာ ပစ်ခတ်ရင်း လမ်းရှင်းပြီးတော့ သွားကြပါတယ်။ အဲဒီအချိန်မှာ ရွာသားတွေကကြောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ နေပါတယ်။ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရင်း တပ်မတော်က လမ်းရှင်းတာပြီးသွားလို့ ပစ်ခတ်တာတွေလည်း ရပ်သွားပါတယ်။ ဒါပေမဲ့ ရွာသားတွေကတော့ တစ်နေကုန် ဘုန်းကြီးကျောင်းမှာပဲ ဆက်နေကြပါတယ်။ ညနေဘက်က ကလေးတွေက ဗိုက်ဆာလာတော့ ကလေးအမေက အိမ်ကို ထမင်းယူဖို့သွားတဲ့အချိန်မှာ ကလေးတွေကလည်း နောက်ကလိုက်လာကြပါတယ်။ အဲဒီအချိန်မှာပဲ လက်နက်ကြီးကကျလာတာပါ။”

လက်နက်ကြီးကျည်ဟာ ဒေါ်တင်မေနှင်းတို့ရဲ့ အိမ်ရှေ့သစ်ပင်မှာ ကျရောက်ပေါက်ကွဲပြီး အဲဒီကနေ လွင့်စင်လာတဲ့ လက်နက်ကြီးအစတွေဟာ အိမ်ထဲမှာရှိနေတဲ့ သားမိ သုံးဦးနဲ့အခြား သုံးဦးကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ် ဒဏ်ရာရသူတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးကလည်း ရွာဘက်ကို လက်နက်ကြီး လေးချက်ပစ်ခတ်ခံရတာဖြစ်ပြီး အဲဒီအထဲက တစ်ချက်ဟာ ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။

“မနက်ပိုင်းမှာ သေနတ်သံတွေရော၊ လက်နက်ကြီးသံတွေကိုပါ ကျွန်တော်ကြားရပါတယ်။ အဲဒါပြီးတော့ ငြိမ်သွားပါတယ်။ ညနေ ၆ နာရီခွဲလောက်မှာတော့ လက်နက်ကြီးကျကွဲသံကို ကြားရပါတယ်။ လက်နက်ကြီး လေးလုံးမှာ ရွာထဲကို တစ်လုံးကျပါတယ်။ ကျန် သုံးလုံးကတော့ ရွာရဲ့အနီးဝန်းကျင်မှာ ကျပါတယ်။ ဦးခင်မောင်ကတော့ သူ့ရဲ့ အစ်ကိုအိမ်ကနေ ဘုန်းကြီးကျောင်းကို ပြေးတဲ့အခါမှာ ထိသွားတာပါ။ ဘုန်းကြီးကျောင်းနဲ့ သူ့ရဲ့အစ်ကိုအိမ်နဲ့က နီးနီးလေးပါ။ လက်နက်ကြီးအသံကိုကြားရလို့ သူ့အစ်ကိုအိမ်ကနေ ဘုန်းကြီးကျောင်းကို ဝင်ပြေးတဲ့အခါမှာ ထိသွားတာ။”

ကလေးသူငယ်တွေအပါအဝင် ဒဏ်ရာရသူ ခြောက်ဦးစလုံးမှာ ဦးခေါင်း၊ ခြေလက်နဲ့ ကိုယ်ခန္ဓာအသီးသီးမှာ ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပြီး မနေ့ညက ကမ်းထောင်းကြီးမြို့နယ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ခဲ့ရပါတယ်။

အဲဒီအထဲက ဦးခင်မောင်နဲ့ ဒေါ်တင်မေနှင်းတို့ သားအမိ သုံးဦးကတော့ ဒဏ်ရာပြင်းထန်လို့ ဒီနေ့ညနေပိုင်းမှာ စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မနေ့က အမ်းမြို့နယ် ရှောက်ခြုံရွာကို ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ရွာနဲ့ လေးမိုင်ခွဲခန့်ဝေးတဲ့ ကဇူးကိုင်းတံတားအနီး တောင်ပေါ်မှာတပ်စွဲထားတဲ့ တပ်မတော်လက်နက်ကြီးစခန်းကဖြစ်တယ်လို့ ကျေးရွာသားတွေက ယူဆနေကြပါတယ်။ ဒါပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနက် ၉ နာရီကျော်လောက်မှာ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်လုံခြုံရေးအဖွဲ့ကို ရှောက်ခြုံရွာရဲ့ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာ သုံးလမ်းဆုံနေရာကနေ အေအေ အဖွဲ့က ချောင်းမြောင်းပစ်ခတ်လို့ စစ်သည်တစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ်ကလွဲလို့ အခြားဖြစ်စဉ်မရှိဘူးလို့ပြောပါတယ်။ ‌အေအေ အဖွဲ့အနေနဲ့ ဆက်သွယ်ရေးလမ်းနဲ့ ကျေးရွာတွေကို အကာအကွယ်ယူပြီးတော့ တိုက်ခိုက်နေသမျှ နှစ်ဘက်တိုက်ခိုက်မှုကြားမှာ အရပ်သားထိခိုက်မှုက ရှိနေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကလေးသူငယ်တွေထိခိုက်မှုအပေါ်  အစိုးရနဲ့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးအရေးယူတာတွေ မတွေ့ရဘူးလို့ ပြောဆိုတာနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေရှိလာရင် မျက်ကွယ်ပြုထားတာ မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

အမ်းမြို့နယ်အတွင်းမှာ AA နဲ့တပ်မတော်တိုက်ခိုက်မှုတွေ မနေ့က မရှိခဲ့ဘူးလို့  ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။  ဒါပေမဲ့ ရှောက်ခြုံရွာနဲ့နီးတဲ့ ကဇူးကိုင်းရွာက တပ်မတော်ရဲ့လက်နက်ကြီးစခန်းကနေ ညနေပိုင်းမှာ တိုက်ပွဲမရှိဘဲ ပစ်ခပ်မှုတွေလုပ်ခဲ့လို့ ရွာသားတွေ ထိခိုက်ခဲ့ရတာလို့ RFA ကိုပြောပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ မနေ့က ဖြစ်ရပ်အပါအဝင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်အစကနေ မနေ့ကအထိ  တိုက်ပွဲတွေကြောင့် အသက် ၁၈ နှစ်ကနေ လသား အရွယ်အထိ သေဆုံးတဲ့ ကလေးဦးရေ ၄၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးက ၁၄၃ ဦးအထိ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ် သေဆုံး၊ ဒဏ်ရာရရှိမှုတွေဟာ ကြောက်ခမန်းလိလိ တိုးများနေတဲ့အပေါ်  အလွန် စိုးရိမ်မိကြောင်း၊ ၂ဝ၂ဝ ပထမသုံးလမှာ ပဋိပက္ခအတွင်း သေဆုံးသူ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ ၁ဝဝ ကျော်ရှိခဲ့တာကြောင့် ဒါဟာ ၂ဝ၁၉ ခုနှစ်က စုစုပေါင်းအရေအတွက်ထက် ထက်ဝက်ကျော် ပိုများနေတယ်လို့ ရခိုင်ပြည်နယ်က ကလေးတွေသေဆုံးမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ နိုင်ငံအဆင့် စောင့်ကြည့်ရေးနဲ့ အစီရင်ခံရေး အထူးတာဝန်အဖွဲ့ (CTFMR) ရဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကလေးသူငယ်တွေ သေဆုံးဒဏ်ရာရနေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ကလေးသူငယ်တွေ သေဆုံး၊ ဒဏ်ရာရနေတာတွေ စိုးရိမ်စရာ ကောင်းအောင် မြင့်တက်လာနေတဲ့အပေါ် အလွန်ပူပန်မိတယ်လို့ အောက်တိုဘာ ၂၂ က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကလေးသူငယ်တွေ ဘေးကင်းလုံခြုံဖို့နဲ့ အန္တရာယ်ကင်းအောင် ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့တွေအားလုံးက ကာကွယ်ကြဖို့ ကိုလည်း UNICEF အဖွဲ့က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်မှာ “စစ်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားကြရတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အစိုးရက တတ်နိုင်သမျှလုပ်ဆောင်ကြရမယ်”လို့ပါရှိပါတယ်။

ဒီအချက်အပေါ်အခြေခံပြီး ရခိုင်ပြည်နယ်က ကလေးသူငယ်တွေ သေကြေထိခိုက်နေကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ဖြစ်ရပ်တွေကို ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့တိုက်တွန်းပြီး ဒီလိုသာမလုပ်ဘူးဆိုရင် ကလေးသူငယ်တွေရဲ့  အသက်ပေါင်းများစွာ ဆုံးရှုံးရဖွယ်ရှိနေ တယ်လို့လည်း Save The Children အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ပြောဆို ထားပါတယ်။

ဒါပေမဲ့ ကလေးသူငယ်တွေ ထိခိုက်မှုက ဆက်ရှိနေတုန်းပါပဲ။

ညီမျှခြင်းမြန်မာအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက အစိုးရအနေနဲ့ အပြစ်ကျူးလွန်သူတွေ အပြစ်ကနေ ကင်းလွတ်နေတာကို စုံစမ်းမှုတွေလုပ်တာ မတွေ့ရဘူးလို့ ထောက်ပြပါတယ်။

“ကျွန်တော်ကတော့ ဒီစစ်ပွဲအတွင်းမှာ ကလေးသူငယ်တွေ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် သေဆုံးရမှုတွေကို အပြင်းအထန် ရှုံ့ချတယ်။ လုံးဝမလုပ်သင့်ဘူး။ အဓိကတာဝန်ရှိတာကတော့ ဒါမျိုးဖြစ်အောင်လုပ်ဆောင်တဲ့ အဖွဲ့ပေါ့နော် အစိုးရတပ်ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တပ်ပဲဖြစ်ဖြစ် တာဝန်ရှိတယ်။ ဒါပေမဲ့ အစိုးရဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဒါမျိုးကိစ္စတွေဖြစ်တဲ့အခါမှာ ကိုယ့်ဘက်က တပ်တွေထဲမှာ ကလေးတွေနဲ့ ပတ်သက်ပြီးတော့၊ နောက်ကလေးတင်မကပါဘူး အပြစ်မဲ့ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှုမဖြစ်အောင် သက်ဆိုင်ရာ စစ်စည်းကမ်းတွေကို စနစ်တကျအသုံးပြုဖို့၊ ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့အတွက် အစိုးရက တိုက်တွန်းတဲ့အချက်ကို ကျွန်တော်တို့ မတွေ့ရဘူး။ နောက်တစ်ခုက ကျွန်တော်တို့ အစိုးရအနေနဲ့ အပြစ်ကျူးလွန်တဲ့သူကို အပြစ်ကနေ ကင်းလွတ်နေတဲ့ ကိစ္စမျိုးတွေကို ဘာမှစုံစမ်းစစ်ဆေးတာမျိုးတွေကို ကျွန်တော် မတွေ့ရသေးဘူးဗျ။”

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့အထိ စစ်ရေးကာလအတွင်း သေဆုံးသူ ၃၀၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၉၂ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။