မလေးရှား ထိန်းသိမ်းရေးစခန်းမှာ အဓိကရုဏ်းဖြစ်၊ ရိုဟင်ဂျာ ခြောက်ဦး သေဆုံး
2022.04.20
မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မြောက်ပိုင်းက လူဝင်မှုကြီးကြပ်ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ဒီနေ့မနက်ပိုင်းက အဓိကရုဏ်း ဖြစ်ပွားပြီး ကလေးနှစ်ယောက်အပါအဝင် ရိုဟင်ဂျာ ခြောက် ယောက် သေဆုံး သွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီနေ့မနက် စောစောက ဖြစ်ပွားခဲ့တဲ့ အဲဒီဆူပူမှုကြောင့် ရာနဲ့ချီပြီး ထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာတွေ စခန်းထဲက ထွက်ပြေးကြရာက အဝေးပြေးလမ်းမတစ်ခုပေါ်မှာ ကားနဲ့တိုက်မိပြီး ခြောက်ယောက် သေဆုံးခဲ့တာလို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။
ပီနန်မြောက်ပိုင်းမှာရှိတဲ့ Sungai Bakap ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ယာယီထိန်း သိမ်းရေးစခန်းက ရိုဟင်ဂျာ ၅၈၂ ယောက်ဟာ စခန်းက တံခါးတွေနဲ့ အတားအဆီးတွေကို ချိုးဖောက်ထွက်ပြေးကြတာပါ။ အဲဒီအထဲက ၃၆၂ ယောက်ကိုတော့ ပြန်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို ထွက်ပြေးနေကျ ဖြစ်ပါတယ်။
မလေးရှားအာဏာပိုင်တွေဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းရေးစခန်းတွေထဲမှာ စုစည်းထားခဲ့ပါတယ်။
Sungai Bakap ထိန်းသိမ်းရေးစခန်းမှာ ဘာကြောင့် အဓိကရုဏ်းဖြစ်ခဲ့တာလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေပြီး လွတ်မြောက်နေသေးတဲ့ ရိုဟင်ဂျာတွေကိုလည်း ရှာဖွေ နေတယ်လို့ ဆိုပါတယ်။