မြန်မာလူထုရဲ့ အသံတိတ်စွမ်းအားကို ကုလချီးကျူး
2021.12.10
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက် မနေ့က အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသတဲ့ အသံတိတ်သပိတ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချီးကျူးလိုက်ပါတယ်။ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေက ပြည်သူလူထုတွေ တစ်ခဲနက် ပါဝင်မှုနဲ့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေ ကလည်း ပြောပါတယ်။ ဒီအသံတိတ်သပိတ်ကို စစ်ကောင်စီဘက်က ဟန့်တားနှောင့်ယှက် တာတွေလည်း ရှိခဲ့ပါတယ်။
“ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ပြုလုပ်ပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ကြောင်းပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓာတ် ကို အသိအမှတ်ပြုကြောင်း ကျွန်တော်ပြောလိုပါတယ်။ မြန်မာပြည်သူတွေ အခုလို အသံတိတ်သပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေကြတာဟာ စစ်တပ်က အာဏသိမ်းလိုက်တာကို ဆန့်ကျင်တော်လှန်မှုတွေကို မစွန့်လွှတ်သေးတဲ့အကြောင်း အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပြသနေတာလည်း ဖြစ်ပါတယ်”
ဒါကတော့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောခွင့်ရ ရူးပတ် ကိုလ်ဗီးက မြန်မာပြည်သူတွေ ပြုလုပ်နေတဲ့ Silent Strike (အသံတိတ်သပိတ်) လှုပ်ရှားမှုကို ချီးမွမ်းစကား ပြောသွားတာပါ။
အလားတူပဲ အမျိုးသား ညီညွတ်ရေး အစိုးရ NUGရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ အခြား အစိုးရအဖွဲ့ဝင်တွေ ကလည်း မြန်မာပြည်သူတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ် သပိတ်ကို ပါဝင်ခဲ့ကြတဲ့အတွက် ချီးကျူးစကား ပြောကြားခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာ ပုံမှန်အတိုင်း ဘုရားဖူးပြည်သူတွေ စည်ကားနေလေ့ရှိတဲ့ ရွှေတိဂုံစေတီတော်နဲ့အနီးတစ်ဝိုက်က လမ်းတွေမှာ အသံတိတ်သပိတ် ပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့ မနက်က လူသူကင်းမဲ့နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် ရန်ကုန်မြို့က လူစည်ကားနေလေ့ရှိတဲ့ မြို့လယ်ဆူးလေစေတီ အနီးတစ်ဝိုက်နဲ့ လမ်းဆုံ လမ်းခွတွေ၊ ဈေးတွေ၊ စူပါမားကတ်တွေမှာ မနေ့ကတော့ လူတွေ၊ ကားတွေ ရှင်းလင်းတိတ်ဆိတ်နေပြီး သွားလာနေသူ တစ်ယောက်စ နှစ်ယောက်စပဲ ရှိခဲ့တာပါ။
မနေ့ကမွန်းလွဲ ၂ နာရီလောက်မှာတော့ အရေအတွက် ဆယ်ဂဏန်းလောက်ရှိတဲ့ စစ်တပ်ထောက်ခံသူ လူတစုက ရန်ကုန်မြို့လယ် လမ်းမပေါ် ထွက်လာပြီး စစ်တပ်နဲ့ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံတဲ့ ဆောင်ပုဒ်တွေ ဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဆိုင်မဖွင့်ဘဲ ပိတ်ထားတဲ့ ဈေးဆိုင်တွေကို စစ်ကောင်စီ တပ်သားတွေက လိုက်လံဓာတ်ပုံရိုက် မှတ်တမ်းယူခဲ့ပြီး၊ အချို့နေရာတွေမှာ ပိတ်ထားတဲ့ လမ်းဘေးဈေးဆိုင်ငယ်တွေက ဆိုင်ခုံတွေနဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းအချို့ကို သိမ်းယူသွားကြတဲ့ ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

မန္တလေးမြို့က ပြည်သူတွေလည်း နေအိမ်အပြင်မထွက်ဘဲ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပြီး၊ နေ့လည် ၂နာရီလောက်မှာတော့ ၂၅လမ်းနဲ့ ၇၈လမ်းထောင့်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ကားနှစ်စီး အချင်းချင်း တိုက်မိပြီး လိုက်ပါလာတဲ့ စစ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်း စီစီတီဗွီ မှတ်တမ်းဗွီဒီယိုတွေမှာ တွေ့ရပါတယ်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ စတဲ့ ရန်ကုန်တိုင်း ဆင်ခြေဖုန်း မြို့နယ်တွေမှာလည်း အသံတိတ် သပိတ်ကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင် ခဲ့ကြတဲ့အကြောင်း RFA မြန်မာပိုင်းကို ဒေသခံတွေ ပေးပို့တဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေမှာ မြင်ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ MRTV နဲ့ စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်းတွေကတော့ ဒီဇင်ဘာလ ၁၀ရက်နေ့ ညက သတင်းကြေညာရာမှာ မြန်မာနိုင်ငံက မြို့ရွာတွေမှာ လူသူကင်းမဲ့ တိတ်ဆိတ် နေတာ ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်နေကြလို့ မဟုတ်ဘဲ အပြင်ထွက်နေရင် ဒလန်လို့ စွပ်စွဲပြီး တိုက်ခိုက်ခံရမှာ စိုးလို့သာဖြစ်တယ်လို့ ကြေညာသွားပြီး၊ မြန်မာနိုင်ငံအနှံ့က မြို့ရွာတွေမှာ လူစည်ကားနေတဲ့ ပုံရိပ်အချို့ကို ပြသခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဈေးဆိုင်တွေ ခိုင်လုံတဲ့ အကြောင်း ပြချက် မရှိဘဲ မပိတ်ကြဖို့၊ ပိတ်ထားရင် ဆိုင်တစ်လ အပိတ်ခံရမယ်လို့ သတိပေးကြေညာချက်ကို မြို့ စည်ပင်သာယာရေးအဖွဲ့က လော်စပီကာနဲ့ နှိုးဆော်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီဟာ အသံတိတ်သပိတ် ပြုလုပ်ကြမယ့် ဒီဇင်ဘာ ၁၀ရက်နေ့ကို ပစ်မှတ်ထားပြီး အချို့မြို့နယ်တွေမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံပေးတာတွေ လုပ်ခဲ့ပါတယ်။
မနေ့က အသံတိတ်သပိတ် ပြီးဆုံးချိန် ညနေ ၄ နာရီလောက်မှာတော့ ရန်ကုန်မြို့က မြို့နေပြည်သူတွေဟာ သပိတ်အောင်အောင်မြင်မြင် ပြီးဆုံးတဲ့ အထိမ်းအမှတ်နဲ့ လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။