ကျူးကျော်စလစ်ပြား ထုတ်ယူထားတဲ့ နေအိမ်တွေကို စစ်ဆေးမည်


2017.09.11
slum-card-622.jpg မင်္ဂလာဒုံမြို့နယ်အတွင်း ကျူးကျော်အဖြစ်သတ်မှတ်ခံထားရတဲ့ အိမ်ထောင်စု ၅ ထောင် နီးပါးကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပေးတဲ့ ထောက်ခံချက်ကဒ်ကို တွေ့မြင်ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျုးကျော်စာရင်းဝင်ပြီး စလစ်ပြားထုတ်ယူရရှိထားတဲ့ နေအိမ်တွေကို ကျုးကျော် စာရင်းကောက်ယူတဲ့ အဖွဲ့တွေက လိုက်လံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကျုးကျော်စာရင်းတွေ ပြုစုထားပြီးပေမယ့် အမှန်တကယ်ကျုးကျော်သူနဲ့ စီးပွားဖြစ် ကျုးကျော်သူတွေကို ခွဲခြားဖို့ အတွက် လိုက်လံစစ်ဆေးမှာဖြစ်တယ်လို့ ကျုးကျော်စာရင်းကောက်ယူတဲ့အဖွဲ့က ဒေါ်မူမူမာ က ပြောပါတယ်။

"စာရင်းပဲကောက်ထားတာ၊ အဲဒီအထဲမှာ တကယ်ကျုးတဲ့သူလည်းရှိသလို တကယ်မကျုးတဲ့သူတွေလည်း ရှိတယ်ရှင့်။ ရှိတော့ကျတော့ အခုက ကွန်ပြူတာတွေ စာရင်းသွင်းတာတော့ ပြီးသွားပြီ။ မြေပြင်ကွင်းဆင်းတဲ့ အနေအထားကို ဆင်းရတော့မယ်။ အဲ့ဒါကျတော့ ကျမတို့က အကန့်ခွဲတော့မယ်။ တကယ်ကျုးတဲ့သူလား၊ တကယ်မကျုးတဲ့သူလား၊ စီးပွားဖြစ်ကျုးတဲ့သူလား အဲဒီလို အကန့်ခွဲတော့မယ်။"

အဲဒီလို လိုက်လံစစ်ဆေးဖို့အတွက် စာရင်းကောက်ယူရေးအဖွဲ့တွေဟာ သင်တန်းတွေတက်ရမှာဖြစ်ပြီး ဘယ်နေ့မှာ ဘယ်နေရာမှာစပြီး စစ်ဆေးမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၇ ခုမှာ ကျုးကျော်စာရင်းကောက်ယူစဉ်က မြို့နယ် ၁၃ ခုမှာ ကျုးကျော်အိမ်ခြေ ၁ သိန်းကျော်၊ အိမ်ထောင်စု ၁ သိန်းကျော် ၊ လူဦးရေ ၄ သိန်းကျော်ရှိတယ်လို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလက ထပ်မံကောက်ယူရရှိထားတဲ့ ကျုးကျော်စာရင်းကိုတော့ အတိအကျမသိရှိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။