မှော်ဘီလေတပ်အနီးက နေအိမ် ၁၀၀ ကျော် အင်အားသုံးဖယ်ရှားခံရ
2024.03.29

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် လေတပ်ဆွယ် (မှော်ဘီ) အနီးက တပ်ပိုင်မြေမှာ ပါဝင်နေတာကြောင့်ဆိုပြီး ကန်သာယာရွာက နေအိမ် ၁၀၀ ကျော်ကို မနေ့က အင်အားသုံး ဖယ်ရှားခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက တပ်သား၊ ရဲ အင်အားအများအပြားသုံးပြီး ဘူဒိုဇာတွေနဲ့ လာရောက်ဖယ်ရှားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ပထမဦးဆုံး စဖျက်တာပါ။ သူတို့ သတ်မှတ်ထားတဲ့ အဲဒီမှာ ဧရိယာတွေ တိုင်းထားပြီးသား။ အဲဒီနေရာတွေ အကုန်ဖယ်ပေးရမှာ။ မဖယ်တဲ့ဟာတွေကိုတော့ အခုလို ဘူဒိုဇာနဲ့ ထိုးပစ်မှာပေါ့”
ဒီနေ့မှာလည်း နေအိမ်တွေကို ဆက်လက်ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။
မြေပြင်စက်ပစ်ကွင်း တပ်ပိုင်မြေ ဧက နှစ်ထောင်ကျော်မှာ တရားမဝင် ကျူးကျော်နေထိုင်သူအားလုံး ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် ဥပဒေအရ ဖယ်ရှားရှင်းလင်းသွားမယ်လို့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီဧရိယာထဲမှာ ဝါးပတော၊ အင်ကြင်းကုန်း၊ ကုလားကုန်း၊ မြောင်းတကာနဲ့ လှည်းငုတ်ချောင်း ကျေးရွာတွေ ပါဝင်ပြီး စုစုပေါင်း အိမ်ခြေ နှစ်သောင်းကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ကျူးကျော်လို့ စွပ်စွဲပြီး ဒေသခံတွေကို နေအိမ်တွေကနေ ဖယ်ရှားခိုင်းတာတွေ မကြာခဏဖြစ်နေတာပါ။
RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းမှာ ကျူးကျော်လို့ စွပ်စွဲဖယ်ရှားခံရတဲ့ အဆောက်အအုံ ၁၆,၀၀၀ ကျော် ရှိပါတယ်။