ပြင်ဦးလွင်မြို့လယ် စည်ပင်တိုက်ခန်းမှာ နေထိုင်သူတွေ ဖယ်ရှားခံရ
2023.03.27

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၄) နဲ့ (၆) က စည်ပင်တိုက်ခန်းတွေမှာ နေထိုင်သူတွေကို စစ်ကောင်စီရဲ့ စည်ပင်ဌာနဘက်က ဖယ်ခိုင်းတာကြောင့် မတ်လ ၂၆ ရက် မနေ့ကစပြီး ပြောင်းရွှေ့နေကြရပြီလို့ ပြင်ဦးလွင် မြို့ခံတွေက RFA ကို ပြောပါတယ်။
အဲဒီနေရာမှာ တိုက်ခန်းပေါင်း ၁၀၀ နီးပါးရှိပြီး ဈေးဆိုင်ခန်းတွေကိုပါ ဖျက်ပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။
“အဲဒီနေရာမှာ နေတဲ့သူတွေကို အခုလကုန် အပြီးဖျက်ပေး၊ ရွှေ့ပေးရမယ်ဆိုပြီး စည်ပင်က အသိပေးစာထုတ်လာတာ။ ဒီလ ၂၈ ရက်နောက်ဆုံးဆိုပြီး စာထဲမှာပါတယ်။ အဲဒါကြောင့် ရွှေ့ပေးလိုက်ရတာ။ ဆိုင်ခန်းဖွင့်ထားတဲ့ သူတွေကတော့ တခြားနေရာမှာ ပြန်ငှားပြီး ဆိုင်ပြန်ဖွင့်နေရတာပေါ့”
ဒီတိုက်ခန်းတွေကို ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးကော်မတီက အငှားစနစ်နဲ့ ငှားရမ်းထားခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီနေရာမှာ ကားဂိတ်၊ ဆေးဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေပါရှိပြီး မတ်လ ၂၇ ရက် ဒီကနေ့မှာလည်း ကျန်နေတဲ့ ဆိုင်ခန်းပိုင်ရှင်တွေ ကိုယ်တိုင်ဖျက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စည်ပင်ဘက်က အကြောင်းကြားစာထဲမှာ အငှားဖြစ်တာကြောင့် ဖယ်ပေးရမယ်ဆိုတာသာ ပါဝင်ပြီး အခြားပြောဆိုထားတာ မပါဝင်ဘူးလို့လည်း ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
ဖယ်ရှားပေးဖို့ သတင်းထွက်တာ လအတော်ကြာခဲ့ပေမယ့် အခုမှာမှ အကုန် ဖယ်ပေးလိုက်ရတာဖြစ်ပြီး အဲဒီမှာ နေထိုင်ခဲ့သူတွေကတော့ ပြင်ဦးလွင်မြို့က ရပ်ကွက်တချို့မှာ အိမ်ပြန်ငှားနေကြရတယ်လို့ နောက်ထပ် ပြင်ဦးလွင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးအနီး ဇီဝကလမ်းမပေါ်မှာ ဆောက်လုပ်ထားတဲ့ လူနေဆိုင်ခန်း ၇၆ ခန်းမှာ နေထိုင်သူတွေ ဖယ်ရှားခံခဲ့ရပါတယ်။